ဗီယင်နာ အစည်းအဝေး နဲ့ သမ္မတအာဆတ် အနာဂတ်

  • 31 အောက်တိုဘာ 2015
_syria_talks ဓာတ်ပုံ မူပိုင်
Image caption ဆီးရီးယား အရေး ဆွေးနွေး

ဆီးရီးယား နိုင်ငံ အရေး ကို ဗီယင်နာမြို့ မှာ ဆွေးနွေး ကြတဲ့ အခါမှာ အမေရိကန် နဲ့ ဥရောပ မဟာမိတ် တွေ က တဘက်၊ ရုရှ နဲ့ အီရန် က တဘက် သဘောတူ ဖို့ ခဲယဉ်း တဲ့ အချက်က တော့ သမ္မတဘာရှား အယ်လ်အာဆတ် ရဲ့ အနာဂတ်ပဲ ဖြစ်ပါတယ်။

လေးနှစ်ကြာ ပြည်တွင်းစစ် ကြာမြင့်စေ မှု ဟာ သမ္မတ အာဆတ် ရဲ့ အုပ်ချုပ်မှု မကျွမ်းကျင် တဲ့ အပိုင်း ရှိနေကြောင်း ဝေဖန်မှု လည်း ရှိကြပါတယ်။

အမေရိကန် ဘက် က အမြင် ကို နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောရာမှာ အမေရိကန် ရဲ့ ရပ်တည်ချက် ကတော့ သမ္မတ အာဆတ်ဟာ ဆီးရီးယား နိုင်ငံ ကို စည်းလုံးညီညွတ်မှု အရ မအုပ်ချုပ်နိုင်တော့ တဲ့ အတွက် ဆီးရီးယား ပြည်သူတွေ အနေနဲ့ ကွဲပြားတဲ့ ရွေးချယ်မှု နဲ့ ထိုက်တန်နေပါပြီ။ ဒါကြောင့် မို့ အမေရိကန် ရဲ့ ရည်မှန်းချက်ကတော့ ဒီရွေးချယ်မှု ကို ဆောင်ကြဉ်းပေးနိုင်မဲ့ ဆီးရီးယား က တခြား အဖွဲ့အစည်း တွေ နဲ့ လက်တွဲလုပ်ဆောင်ဖို့ ပါပဲ လို့ ရှင်းပြပါတယ်။

ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗရော့ဖ် ကလည်း အာဆတ် အနေနဲ့ သမ္မတ အဖြစ် ဆက်နေသင့် မနေသင့် ဆိုတာ ဟာ ဆီးရီးယားပြည်သူ တွေ ပဲ ဆုံးဖြတ်ရမဲ့ အချက် လို့ ဆိုပါတယ်။ ဗီယင်နာ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် အရ နိုင်ငံရေး မူဘောင်ထဲ ကနေ ဆက်လက် အကောင်အထည်ဖေါ်ရမှာက ဆီးရီးယား ပြည်သူတွေပဲ ဖြစ်လို့ သူတို့ရဲ့ သမ္မတ၊ သူတို့ရဲ့ တိုင်းပြည် အနာဂတ် ကို သူတို့ပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ် လို့ ပြောပါတယ်။

ဒါ့ အပြင် ဆီးရီးယား ပြည်တွင်းစစ်ပွဲ မှာ ပါဝင်သူတွေ အပေါ် တဘက်စီ ထောက်ခံနေတဲ့ နိုင်ငံတွေ က ဆီးရီးယားနိုင်ငံမှာ အပစ်အခတ် ရပ်စဲပြီး ပဋိပက္ခတွေ တဖြည်းဖြည်း အဆုံးသတ်သွားစေရေး ဦးတည်တဲ့ ဆောင်ရွက်ချက်တွေ ကို လုပ်ဆောင်ကြ ဖို့ လည်း ဗီယင်နာ အစည်းအဝေး မှာ ကတိပြုလိုက်ကြပါတယ်။

ဆီးရီးယား အစိုးရ နဲ့ အတိုက်အခံတွေ ကို နိုင်ငံရေး လုပ်ငန်းစဉ်တခု ထဲ ပါဝင်လာအောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂကို ပန်ကြားမယ်လို့ အစည်းအဝေးမှာ ဆွေးနွေးကြောင်း လည်း သိရပါတယ်။