အာဆတ် ရှိနေဖို့က အရေးမကြီးဘူးလို့ ရုရှားပြော

  • 3 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား သမ္မတ အာဆတ်ရဲ့ ခိုင်မာတဲ့ မဟာမိတ်တွေထဲမှာ ရုရှား ပါဝင်။

ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ် ရာထူးမှာ ဆက်ရှိနေဖို့၊ မနေဖို့က ရုရှား အတွက် သိပ် အရေးမကြီးဘူးလို့ ရုရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စက် မာရီယာ ဇာခါရိုဗာက ပြောလိုက် ပါတယ်။

"ဆီးရီးယား သမ္မတ ရာထူးမှာ ဆက်ရှိ နေရေးဟာ ရုရှားရဲ့ အရေးကြီးတဲ့ မူဝါဒ ဟုတ်ပါသလား" လို့ မေးတဲ့ မေးခွန်းကို မစ္စက် မာရီယာက "လုံးဝ မဟုတ်ပါဘူး၊ အဲဒီလို ကျွန်မတို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး" လို့ ပြန်ဖြေ ခဲ့တာပါ။

ရုရှားဟာ အရင်တုန်းကတော့ ဆီးရီးယား သမ္မတ အာဆတ် အစိုးရ ဖြုတ်ချမယ့် အစီအစဉ်ကို ဆန့်ကျင်တယ်လို့ ပြောခဲ့ ဖူးပါတယ်။

မစ္စက် ဇာခါရိုဗာက ရေဒီယို အသံလွှင့် ဌာနတစ်ခုနဲ့ ပြောဆိုရာမှာ မစ္စတာ အာဆတ် ရာထူးမှာ ဆက်ရှိနေတာ ဒါမှမဟုတ် ပြုတ်ကျတာဟာ ရုရှား အတွက် အဓိက မကျဘဲ ဆီးရီးယား ပြည်သူတွေကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

မကြာသေးမီကတော့ ဆီးရီးယား သမ္မတကို ဖြုတ်ချသင့်တယ်လို့ ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ အယူအဆတွေကို ရုရှားက အပြင်းအထန် ကန့်ကွက် ခဲ့ဖူးပြီး၊ ရုရှားကို မစ္စတာ အာဆတ်ရဲ့ အဓိက မဟာမိတ် အဖြစ် ရှုမြင်ခဲ့ရတာ ဖြစ်ပါတယ်။

ဆီးရီးယားရဲ့ တောင်းဆိုချက်နဲ့ပဲ ဆီးရီးယားထဲမှာ ရှိတဲ့ IS ပစ်မှတ်တွေကို ရုရှားက စက်တင်ဘာ လထဲမှာ စတင် တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ