ရုရှားလေယာဉ် ပျက်ကျမှု ဗုံးကြောင့် ဖြစ်နိုင်

  • 4 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption လေယာဉ် ပျက်ကျမှုအတွင်း လေယာဉ်ပေါ်ပါသူ ၂၂၄ဦးစလုံး သေဆုံးခဲ့

ပြီးခဲ့တဲ့ စနေနေ့က အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ပျက်ကျခဲ့တဲ့ ရုရှား လေယာဉ်ဟာ ဖောက်ခွဲပစ္စည်း တခုကြောင့် ပျက်ကျတာ ဖြစ်ဖို့ များပြီး အခုအခါ ဆိုင်းနိုင်း ကျွန်းဆွယ်က Sharm el-Sheikh အပန်းဖြေမြို့ဆီ အသွားအပြန် ဗြိတိသျှ လေကြောင်းခရီးစဉ်တွေ အားလုံးကို ဆိုင်းငံ့ထားတော့မယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Philip Hammond က ပြီးခဲ့တဲ့ နာရီပိုင်းကပဲ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

အဲဒီလေယာဉ် ပျက်ကျတယ် ဆိုတာကို အတည်ပြု သိပြီးပြီးချင်းမှာပဲ လေကြောင်းဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေး ကျွမ်းကျင်သူတွေ အတူ ပူးပေါင်း စစ်ဆေးခဲ့ကြရာမှာ ဗုံးကြောင့် လေယာဉ်ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်သစ်တွေကို ပြီးခဲ့တဲ့ ၂၄နာရီအတွင်း တွေ့ခဲ့တယ်လို့ UK အစိုးရ ထိပ်တန်း သတင်းရပ်ကွက်တခုက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းအချက်အလက်သစ်တွေဟာ ဘာတွေလဲ။ ဘယ်က ရတာလဲ ဆိုတာကိုတော့ ဗြိတိသျှ အစိုးရက ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

ဒီလေယာဉ်ပျက်ကျမှုဟာ IS အစ္စလာမစ်နိုင်ငံ အဖွဲ့ကလို့ ဆိုတဲ့ သူတွေက သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောလာတာကိုတော့ အီဂျစ် အာဏာပိုင်တွေက လက်မခံပဲ ပယ်ချခဲ့ကြပါတယ်။

တခါ ဗြိတိသျှ အစိုးရရဲ့ ပြောဆိုချက်ဟာလည်း ဆန္ဒစောပြီး ပြောလိုက်တာ ဖြစ်တယ်လို့ ဆိုပြီး ဒါဟာ အီဂျစ်နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက် နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ဒါပေမယ့်လည်း ဗြိတိသျှ အစိုးရအနေနဲ့ Sharm el-Sheikh ကမ်းခြေလိုမျိုး အလားတူ အပန်းဖြေ ကမ်းခြေတွေဆီ အသွားများလေ့ ရှိတဲ့ ဗြိတိန်နိုင်ငံသား အများအပြားရဲ့ အသက်အန္တရာယ် လုံခြုံရေးကို လျစ်လျူ ရှုထားလို့ မရတာကြောင့် အခုလို ထုတ်ပြော လိုက်တာ ဖြစ်တယ်လို့ ဘီဘီစီ လုံခြုံရေး သတင်းထောက် Frank Gardner က သတင်းပေးပို့ထားပါတယ်။