ရုရှားလေယာဉ်ကို သူတို့ပစ်ချတာလို့ IS ထပ်ပြော

  • 4 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ကျွမ်းကျင်သူတွေကတော့ IS စစ်သွေးကြွတွေရဲ့ လက်ချက် မဟုတ်နိုင်ဘူးလို့ ယူဆကြ။

စနေနေ့က ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ပျက်ကျခဲ့တဲ့ ရုရှား လေယာဉ်ကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သူတို့ စစ်သွေးကြွတွေ ပစ်ချ ခဲ့တာ ဖြစ်တယ်လို့ ထပ်မံ ပြောဆို လိုက်ပါတယ်။

ဆိုရှယ်မီဒီယာ ပေါ်မှာ ဖြန့်ဝေခဲ့တဲ့ အသံ ကြေညာချက် ထဲမှာ အဲဒီလို ပစ်ချတဲ့ စစ်ဆင်ရေးဟာ အီဂျစ် အခြေစိုက် စစ်သွေးကြွ အဖွဲ့ရဲ့ IS အပေါ် သစ္စာခံခဲ့တဲ့ ပထမဆုံး နှစ်ပတ်လည် အထိမ်းအမှတ်နဲ့ တိုက်ဆိုင် ခဲ့တယ်လို့ ပြောဆို ထားပါတယ်။

ဘယ်လို ဘယ်ပုံ ပစ်ချခဲ့တယ် ဆိုတာကိုတော့ အဲဒီ ကြေညာချက်က ပြောဆိုခြင်း မရှိပါဘူး။ ကျွမ်းကျင်သူတွေကတော့ IS စစ်သွေးကြွတွေ အနေနဲ့ လေယာဉ်ကို ပစ်ချနိုင်စွမ်း မရှိလောက်ဘူးလို့ သံသယ ရှိကြပါတယ်။

လေယာဉ်ပျက် နေရာကနေ ပြန်တွေ့တဲ့ ဘလက်ဘောက်စ် တွေက အချက်အလက်တွေ ကိုတော့ နိုင်ငံတကာ စုံစမ်းစစ်သူတွေက စိစစ် လေ့လာ စစ်ဆေးဆဲ ဖြစ်ပါတယ်။

ရုရှားနဲ့ အီဂျစ် အစိုးရတွေကလည်း လေယာဉ် ပျက်ကျရတဲ့ အကြောင်းကို ခန့်မှန်း ပြောဆိုဖို့ စောလွန်း နေသေးတယ်လို့ ပြောခဲ့ကြပါတယ်။

ရုရှားရဲ့ Kogalymavia လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ အီဂျစ် အပန်းဖြေ စခန်းမြို့ ဖြစ်တဲ့ ရှားမ်အယ်လ်ရှိတ် မြို့ကနေ စိန့်ပီတာစ်ဘာ့ဂ် မြို့ကို ပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ် ပါသွားတဲ့ ၂၂၄ ဦးစလုံး သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ