တရုတ်နဲ့ ထိုင်ဝမ် သမ္မတနှစ်ဦး တွေ့ဖို့ရှိ

  • 4 နိုဝင်ဘာ 2015
_bbc_304x171_bbc
Image caption တရုတ်သမ္မတနဲ့ ထိုင်ဝမ်သမ္မတတွေ့တော့မယ်

ဒီမနက်ဗုဒ္ဓဟူးနေ့ အစောပိုင်း တင် ထွက်လာတဲ့ သတင်း ကတော့ မ မျှော်လင့် ထားကြတဲ့ အကြောင်းအရာပါ။ ထိုင်ဝမ် သမ္မတ ရုံး ကနေ ထုတ်ပြန် လိုက်တဲ့ ကြေညာချက်ပါ။ ထိုင်ဝမ် သမ္မတ မာရင်ဂျောင် နဲ့ တရုတ်သမ္မတ ရှီဂျင်းပင် တို့ ဟာ လာမဲ့ စနေနေ့ မှာ စင်္ကာပူ နိုင်ငံ မှာ တွေ့ဆုံ ကြမယ် လို့ ဆိုတာပါ။ ဒီတွေ့ဆုံမှုဟာ ဆိုရင် ၆၆ နှစ် မှာ တရုတ် ခေါင်းဆောင် နှစ်ဦး ပထမဆုံး တွေ့ကြမှာ ဖြစ်ပါတယ်။

ထိုင်ဝမ် သမ္မတ ရုံး ပြောခွင့်ရ အရာရှိ က ဒီတွေ့ဆုံမှု အတွင်းမှာ ခေါင်းဆောင်နှစ်ဦး ဟာ မည်သည့် သဘောတူညီချက် မှ လက်မှတ်ထိုးမှာ မဟုတ်သလို၊ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်မှာ မဟုတ်ဘူး လို့ ဘီဘီစီ ကို ပြောပါတယ်။ တကယ်တော့ ထိုင်ဝမ်သမ္မတ က တရုတ်သမ္မတ နဲ့တွေ့ဆုံချင်တာ ကြာပါပြီ။ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိတ်သီးညီလာခံ တွေ တက်ရောက်လေတိုင်း သီးခြားတွေ ဆုံခွင့်ဖို့ ကြိုးစားပေမဲ့ တရုတ် ခေါင်းဆောင်ဖက် က ငြင်းခဲ့တာချည်း ဖြစ်ပါတယ်။

အခုမှ တွေ့ဖို့ သဘောတူလိုက်မှု နောက်ကွယ် မှာ ဘာရှိတယ် ဆိုတာတော့ ခန်းမှန်းလို့ မရသေးပါဘူး။ တခုတော့ ရှိပါတယ်။ တရုတ်ပြည်မ အစိုးရ အနေနဲ့ ထိုင်ဝမ် အပေါ်မှာ သြဇာ လွှမ်းမိုးဖို့ ကြိုးစားတယ် လို့ အများက ထင်မုင် မှာ ကို ရှောင်လိုတာလည်း ပါ ပါတယ်။ နောက် တချက် ကလည်း လာမဲ့ နှစ် ဇန္နဝါရီလ မှာ ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ နဲ့ ပါလီမန် ရွေးကောက်ပွဲ လည်း ရှိတဲ့ အတွက် နှစ်နိုင်ငံ ကြား မှာ ပြောစရာတွေ ရှိလာပုံတော့ ရပါတယ်။

အကြမ်းဖျဉ်း သုံးသပ်ရင် လည်း ပြီးခဲ့ တဲ့ သမ္မတ မာရင်ဂျောင်းရဲ့ အစိုးရ သက်တမ်း ၇ နှစ် အတွင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပြေလည်ခဲ့ပါတယ်။ သမ္မတ မာရင်ဂျောင်း ကို ဆိုရင်လည်း တရုတ်ပြည်မ အစိုးရ လိုလားသူ အဖြစ် မြင်ကြပါတယ်။ ထိုင်ဝမ် မှာ လတ်တလော ကောက်ခံတဲ့ သဘောထား စစ်တမ်းအရ အတိုက်အခံ အမျိုးသမီး ခေါင်းဆောင် ဆိုင်ရင်ဝန် ကို လူကြိုက် များလာပြီး ရွေးကောက်ပွဲ မှာ နိုင်ခြေရှိတဲ့ အရိပ်အရောင် တွေ့လာလို့ပါပဲ။

တကယ်လို့ သာ မစ်ဆိုင် အနိုင်ရခဲ့ရင် ထိုင်ဝမ် နဲ့ တရုတ်ပြည်မ ဆက်ဆံရေး ဟာ လက်ရှိ သမ္မတ မာရင်ဂျောင်းနဲ့လို အဆင်ပြေပါ့ မလား ဆိုတဲ့ စိုးရိမ်စိတ် ရှိပုံရကြောင်း တိုင်ပေ မှ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျောရှ် အားနက်စ် ကတော့ ဒီလို တရုတ် ခေါင်းဆောင် နှစ်ဦး တွေ့ကြမဲ့ ကိစ္စ ကို ကြိုဆို လိုက်ပါတယ်။