ဒုက္ခသည်အရေး EU နဲ့ အာဖရိက ဆွေးနွေး

  • 12 နိုဝင်ဘာ 2015
migrant africa ဓာတ်ပုံ မူပိုင် Reuters
Image caption မြေထဲပင်လယ် ဖြတ်ပြီး အာဖရိကက ဝင်လာ

အာဖရိက က ရွှေ့ပြောင်း ဒုက္ခသည် တွေ အလုံးအရင်းနဲ့ ဝင်နေတာကို ဘယ်လို တားဆီးမလဲ EU ဥရောပ သမဂ္ဂ ဝင် နိုင်ငံတွေနဲ့ အာဖရိက ခေါင်းဆောင် တွေ မော်လ်တာ မှာ ၂ရက်ကြာ တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်း ဒုက္ခသည် အများစု ကနဦး ခရီးတထောက် အဖြစ် အလုံးအရင်းနဲ့ ဝင်လာနေ တာကို ခံနေရတဲ့ ဂရိ၊ အီတလီ၊ ဟန်ဂေရီ တို့လို EU နိုင်ငံတွေ အပေါ် ဖိအားပေး နေမှုတွေ ကြောင့် EU နိုင်ငံတွေ အကြား တင်းမာမှု တွေ ဖြစ်ပွား နေပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည် တွေဟာ အဲဒီနိုင်ငံတွေ ကနေ တဆင့် ဂျာမနီနဲ့ ဆွီဒင် နိုင်ငံတွေဆီ ခိုလှုံခွင့် တောင်းခံဖို့ ခရီးဆက် ကြတာပါ။

ရွှေ့ပြောင်းဒုက္ခသည် ထောင်ပေါင်း များစွာကို ခွဲဝေ လက်ခံ နေရာချ ထားဖို့ အစီအစဉ် တခုကို EU ခေါင်းဆောင် တွေက သဘောတူ ထားကြပေမယ့် လောလောဆယ် ဂရိနဲ့ အီတလီ ကနေ ရွှေ့ပြောင်းဒုက္ခသည် ရာဂဏန်း လောက်ကိုပဲ ခေါ်ယူ နေရာချ ထားနိုင် ပါသေးတယ်။

ဗုဒ္ဓဟူး နေ့က အစည်းအဝေး မှာတော့ ဆွီဒင် ပြည်ထဲရေး ဝန်ကြီး အဲန်ဒါ့စ် ရှုဂါမန် က ဆွီဒင် နိုင်ငံထဲ ရွှေ့ပြောင်း ဒုက္ခသည် ထောင်ပေါင်း များစွာ ထပ်ရောက် လာနေတာကို ဖြေရှင်းဖို့ နယ်စပ်တွေမှာ ယာယီ ကန့်သတ်မှုတွေ ၁ဝ ရက်ကြာ ပြဋ္ဌာန်းထားမယ် လို့ ထုတ်ဖော် ကြေညာ သွားပါတယ်။

တခါ ဂျာမနီ ကလည်း EU ရဲ့ ခိုလှုံခွင့် တောင်းခံသူများ ဆိုင်ရာ ဒဗ္ဗလင် စည်းမျဉ်း အရ ဆီးရီးယား ရွှေ့ပြောင်း ဒုက္ခသည်တွေ အရင်ဆုံး ခြေချ ဝင်လာတဲ့ EU နိုင်ငံဆီ ပြန်ပို့တာ တွေ ထပ်လုပ်မယ် ဆိုပြီး ထုတ်ဖော် ကြေညာ ခဲ့တဲ့ အတွက် ဟန်ဂေရီ နိုင်ငံ ကလည်း ခါးခါးသီးသီး ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဒီအတော အတွင်း မှာပဲ ဆလိုဗေးနီးယား ကလည်း ခရိုအေးရှားနဲ့ နယ်စပ်တလျှောက်မှာ သံဆူးကြိုးတွေ စ ကာနေပါပြီ။

ဒါပေမဲ့ ဒီလိုလုပ်တာဟာ ငြိမ်ဝပ်ပိပြားဖို့ အတွက် လုပ်တာ ဖြစ်ပြီး နယ်စပ်ဂိတ် တွေကို တော့ ဖွင့်ထားမယ်လို့ ဆိုပါတယ်။

ဒီလို သံဆူးကြိုးတွေ ကာလို့ ကုန်မယ့် ငွေတွေကို ရွှေ့ပြောင်းဒုက္ခသည်တွေ နေဖို့ စခန်းတွေ အတွက် သုံးဖို့ သင့်တယ် ဆိုပြီး ဆလိုဗေးနီးယား ရဲ့ လုပ်ရပ်ကို ခရိုအေးရှားက ဝေဖန် ပြောဆို လိုက်တယ် လို့ ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် Richard Galpin က သတင်း ပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ