လူဝင်မှု ထိန်းဖို့ ဆွီဒင် နယ်စပ် ယာယီထိန်းချုပ်

  • 12 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ရွှေ့ပြောင်းသူ အများစုက ဆွီဒင်နဲ့ ဂျာမနီ တို့ဆီ ရောက်ရှိဖို့ ကြိုးစားနေ။

ဆွီဒင် နိုင်ငံက သူ့ထဲကို ဝင်လာနေတဲ့ ရွှေ့ပြောင်းသူတွေကို ထိန်းချုပ်ဖို့ နယ်စပ် တင်းကျပ် စစ်ဆေးမှုတွေကို ယာယီ ပြုလုပ်သွားမယ်လို့ ကြေညာ လိုက်ပါတယ်။

အသစ် ထပ်မံ တိုးမြှင့် ဝင်ရောက်လာနေတဲ့ ရွှေ့ပြောင်းသူတွေက ပြည်သူ့ ဝန်ဆောင်မှု စနစ်ကို ခြိမ်းခြောက် လာတဲ့အတွက် အခုလို ယာယီ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နယ်စပ် ထိန်းချုပ်မှုတွေကို ကြာသပတေးနေ့ နေ့လယ်ကနေ စပြီး ၁၀ ရက်ကြာ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

မော်လ်တာ နိုင်ငံမှာ ပြုလုပ်နေတဲ့ အာဖရိကနဲ့ အီးယူ ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာတော့ အာဖရိကက ထွက်ခွာနေတဲ့ ရွှေ့ပြောင်းသူတွေကို ထိန်းချုပ်ဖို့ ယူရိုငွေ ၁.၈ ဘီလျံ အီးယူက ကူညီဖို့ သဘောတူထားပါတယ်။ ဒါပေမယ့် အဲဒီ ထောက်ပံ့ငွေက မလုံလောက်ဘူးလို့ တချို့ အာဖရိက ခေါင်းဆောင်တွေက ဝေဖန်ခဲ့ပါတယ်။

အာဖရိက နိုင်ငံတွေကနေ မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပကို ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က အခုနှစ်ထဲမှာ ၁ သိန်း ခွဲလောက် ရှိပါတယ်။

ဒါပေမယ့် တူရကီနဲ့ ဂရိကနေ တဆင့် ဥရောပကို ဝင်လာတဲ့ ဆီးရီးယား အများစု ပါဝင်တဲ့ ဒုက္ခသည်တွေကတော့ ၆ သိန်းခွဲလောက် ရှိနေတဲ့အတွက် သူတို့နဲ့ ယှဉ်ရင် အာဖရိကဘက်က လာတဲ့သူ အရေအတွက်က နည်းနေ ပါသေးတယ်။

ဥရောပကို ရောက်လာသူ အများစုဟာ ဂျာမနီနဲ့ ဆွီဒင်ကို ဦးတည် သွားရောက်ဖို့ ကြိုးစားကြပြီး၊ အဲဒီ ၂ နိုင်ငံဟာ ဒုက္ခသည် ခိုလှုံခွင့် ပေးရာမှာ ရက်ရောတယ်လို့ ရွှေ့ပြောင်းသူတွေက ယူဆကြလို့ ဖြစ်ပါတယ်။

အခုနှစ်ထဲမှာ ဆွီဒင်ကို ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က ၂ သိန်းလောက် ရှိမယ်လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ