ဥရောပလုံခြုံရေးအခြနေ စိုးရိမ်စရာဖြစ်နေပြီလား

  • 14 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဥရောပ လုံခြုံရေး အခြေအနေ ဘယ်လိုလဲ

တကယ်တော့ ပြင်သစ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ လခန့်ကလည်း ရှာလီ အက်ဘ်ဒို မဂ္ဂဇင်းကို တိုက်ခိုက်ခံခဲ့ရပြီး အခုအခါမှာလည်း ထပ်မံ တိုက်ခိုက် ခံရတဲ့ အတွက် ပြင်သစ်နဲ့ ဥရောပ လုံခြုံရေးက စိုးရိမ်စရာ ရှိနေပါပြီလို့ သုံးသပ်မှုတွေ လည်းထွက်ပေါ်လာနေပါတယ်။

ဘီဘီစီအာရပ်ရေးရာ အယ်ဒီတာ Sebastain Usher သုံးသပ်တာကတော့ အခုလို ပြင်သစ်မှာ ဖြစ်ပွားခဲ့တာက သိပ်ကြီးမားခဲ့ပေမယ့် တိုက်ခိုက်ခံရမှုအကြောင်းရင်းမှာတော့ IS အဖွဲ့နဲ့ ဆပ်စပ်နေတာ ထင်ရှားတယ်လို့ ပြောပါတယ်။

IS အဖွဲ့ဘက် ကလည်း ပြင်သစ် နိုင်ငံ ပါရီမြို့ တိုက်ခိုက်မှု ကို နောက်ကွယ်က ကိုင်တွယ် စီမံခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အာရပ်၊ ပြင်သစ် နဲ့ အင်္ဂလိပ်လို ရေးထားတဲ့ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ IS က ကြေညာချက်မှာ သူတို့က ပြင်သစ်ကို စစ် ကြေညာတာလို့ ပြောပါတယ်။

ပြင်သစ်ဟာ အစ္စလာမ္မစ် ဂျီဟတ် ဝါဒီတွေကို တိုက်ခိုက်နေတဲ့ အနောက်နိုင်ငံအုပ်စုထဲမှာ အင်အားအကောင်းဆုံးနဲ့ တိုက်ခိုက်တဲ့အထဲမှာပါတဲ့ နိုင်ငံ တစ်နိုင်ငံပါ၊ ဒါပေမယ့် ပြင်သစ်ရဲ့ ရပ်တည်ချက်က အနောက်အာဖရိကမှာ သူ့ရဲ့ ကိုလိုနီနိုင်ငံတွေ၊ အရင် ကိုလိုနီဟောင်း နိုင်ငံတွေနဲ့ ဆက်နွယ်မှုတွေလည်း ရှိနေပါတယ်။

တကယ်တော့ အခုလို ပဲရစ်မြို့တော် တိုက်ခိုက်ခံရတာက ပြင်သစ်အပြင် ဥရောပလုံခြုံရေးအတွက်ပါ စိုးရိမ်စရာ ရှိနေပြီလို့ ဘီဘီစီ ဥရောပသတင်းထောက် damian grammaticas က သုံးသပ်ပါတယ်။

ဥရောပထဲမှာ ဒါမျိုးတွေ မဖြစ်အောင် အရင်ကတည်းက ဂရုတစိုက် စောင့်ကြည့်တာတွေ၊ ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ခဲ့ပေမယ့် အခုတိုက်ခိုက်မှုကတော့ အငိုက်မိသွားတဲ့ သဘော တွေ့ရပါတယ်။ အကြမ်းဖက်သမားတွေက ဒီလို ပုံစံမျိုးကို မွန်ဘိုင်း နဲ့ တခြားနေရာတချို့မှာ အသုံးပြုခဲ့ပါတယ်။ အခုအခါ ဥရောပအနေနဲ့ အဖြေထုတ်ရမယ့် မေးခွန်းတွေ ရှိနေပါတယ်။

အခု တိုက်ခိုက်သူတွေထဲမှာ ပြင်သစ်နိုင်ငံသားတွေ ပါသလား။ သူတို့က ဘယ်လို စီစဉ်နိုင်ခဲ့တာလဲ။ ဆီးရီးယားနဲ့ ဆက်စပ်သလား။ ဘာကြောင့် သူတို့ကို ကြိုတင် မကာကွယ်နိုင်ခဲ့လဲ။ အခုလို ပြင်သစ်မှာ တိုက်ခိုက်ခံရတာက တခြားဥရော ပနိုင်ငံတွေအတွက် ဘယ်လောက် စိုးရိမ်စရာ ဖြစ်နေပြီလဲ။ ဒါကို ဘယ်လို နှိမ်နင်းတိုက်ဖျက်မလဲ စတဲ့ စတဲ့ မေးခွန်းပေါင်းများစွာ ထွက်ပေါ်နေပါတယ်။

ပြင်သစ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဗြိတိသျှဝန်ကြီးချုပ် ကလည်း သူတို့နာကျင်မှုဟာ ကျွန်တော်တို့နာကျင်မှုပါလို့ပြောခဲ့ပါတယ်။ ဗြိတိန်ရဲ့လုံခြုံရေးအခြေနေကိုလဲ အမြင့်ဆုံးတပ်လှန့်ထားဖို့နဲ့လုံခြုံရေးပြင်ဆင်မှုဘယ်လောက်လုပ်ထားထား ခြိမ်းခြောက်ခံ နေရဆဲပါလို့ဒေးဗစ်ကွန်မရွန်းက စနေနေ့ကလုပ်ခဲ့တဲ့ ကော်ဘရာ အရေးပေါ် လုံခြုံရေးအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အနေနဲ့ အစ္စလာမ္မစ်အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာကနေ နောက်ဆုတ်မဲ့ သဘောလည်း မတွေ့ရဘူး။

ဗီယင်နာမြို့က ဆီးရီးယားအရေး ဆွေးနွေးပွဲကို ရောက်နေတဲ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius ကတော့ အခု တိုက်ခိုက်မှုတွေရှိနေတာကြောင့်ပဲ ပြင်သစ်အနေနဲ့ အကြမ်းဖက်မှုနဲ့ IS အဖွဲ့ကို တိုက်ခိုက်ဖို့ လိုအပ်နေလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ