ပါရီမှာ ဝမ်းနည်း ပူဆွေးနေကြဆဲ

  • 15 နိုဝင်ဘာ 2015
france ဓာတ်ပုံ မူပိုင် Getty
Image caption ကွယ်လွန်သူတွေကို ပန်းစည်းချ အလေးပြု

လူ ၁၂၉ ယောက် ထိ သေဆုံးပြီး လူ ၁ဝဝ လောက် အသည်းအသန် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ခဲ့ရတဲ့ ပါရီမြို့ တိုက်ခိုက်မှုတွေ အတွက် မြို့ခံ တွေ ရဲ့ စိတ်ထဲမှာ ထိတ်လန့် တုန်လှုပ်နေကြဆဲ ဖြစ်ပါတယ်။

ပါရီ ဘုရားကျောင်း တခုမှာ လာပြီး ဝတ်ပြု ဆုတောင်းတဲ့ အမျိုးသား တယောက်က ဒီတိုက်ခိုက်မှုကြောင့် မြို့သူမြို့သား တွေရဲ့ စိတ်ကို ဘယ်လို ထိခိုက်စေတယ် ဆိုတာ ပြောပါတယ်။ စစ်ဖြစ်နေတာ ကျနော်တို့ သိကြပါတယ်။ ဒါပေမဲ့ ခု ခဏပိုင်းမှာတော့ စစ်ကို မေ့ထားနိုင်ကြပါတယ်။ ခုတော့ စစ်က မြို့ထဲကို ရောက်လာပါပြီ။ ဒါကြောင့် အကြောက်တရားက ပိုများလာပါတယ်။ ဒါကို ထိန်းချုပ်နိုင်ဖို့ ကြိုးစား ရအုန်းမှာပါလို့ ပြောသွားပါတယ်။

ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် ကြေညာ ထားပေမယ့် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နားက ရီပတ်ဘလစ် ရင်ပြင်မှာ လာပြီး ပန်းစည်းချ ဆုတောင်းသူ တွေမှာ ထိတ်လန့် စိုးရိမ်မှုတွေ ရှိနေပါသေးတယ်။

ဒီလို ပန်းစည်း လာချ သူ အမျိုးသမီး တယောက် ကတော့ သတ်ဖြတ်မှု တွေကို ရပ်သွားစေချင်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ ကြောက်ရွံ့စိုးရိမ်မှု တွေ ရှိနေပြီး လူတိုင်း သူ့လို ဖြစ်နေကြတယ်လို့ ပြောသွားပါတယ်။

ပါရီမှာ လူတွေဟာ ကွယ်လွန်သူတွေကို အလေးပြုဖို့ ပန်းတွေကို စီတန်း ဝယ်ကြရ ပါတယ်။

ပန်းတွေက များလွန်းတဲ့ အတွက် တချို့ နေရာတွေမှာ ပန်းခင်းကြီးလို ဖြစ်နေတာ တွေ့ရပါတယ်။

တနင်္ဂနွေနေ့ ပြင်သစ် စံတော်ချိန် ညနေခင်းပိုင်း မှာလည်း ပါရီမြို့ နော်ထရာဒမ်း ဘုရားကျောင်းကြီးမှာ ကွယ်လွန်သူတွေ အတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲ ကျင်းပဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ