မြောက်ကိုရီးယားကို ဘန်ကီမွန်း သွားရောက်ဖို့ရှိ

  • 16 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption နျူ စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂ၊ အီးယူနဲ့ အမေရိကန်တို့ရဲ့ ပိတ်ဆို့မှုတွေကို မြောက်ကိုရီးယား ခံထားရ။

ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အခု သီတင်းပတ်အတွင်းမှာ မြောက်ကိုရီးယား နိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက ပြောပါတယ်။

ကုလ အကြီးတန်း အရာရှိ တစ်ဦးရဲ့ စကားကို ကိုးကားပြီး ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပြီး ကုလ သမဂ္ဂကတော့ တစုံတရာ မှတ်ချက် ပေးခြင်း မရှိပါဘူး။

တကယ်တန်း မြောက်ကိုရီးယားကို ဘန်ကီမွန်း သွားဖြစ်တယ် ဆိုရင်တော့ ကုလ အတွင်းရေးမှူးချုပ် တစ်ယောက် အနေနဲ့ ဆယ်စုနှစ် ၂ ခုအတွင်း မြောက်ကိုရီးယားကို ပထမဆုံး သွားရောက်မှု ဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ မေလ တုန်းကလည်း မြောက်ကိုရီးယားကို ဘန်ကီမွန်း သွားရောက်ဖို့ စီစဉ်ခဲ့ပြီး အဲဒီတုန်းက ခရီးစဉ် မတိုင်မီ တစ်ရက် အလိုမှာ မြောက်ကိုရီးယား ဘက်က ရုတ်တရက် ဖျက်သိမ်း ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယား စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂ၊ အီးယူနဲ့ အမေရိကန် တို့ရဲ့ ကြီးလေးတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ခံထားရပါတယ်။

တောင်ကိုရီးယား သတင်းဌာနရဲ့ အဆိုအရ မစ္စတာ ဘန်ကီမွန်းဟာ သူ့ရဲ့ ခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ခရီးစဉ် ရက် အတိအကျကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ