ပြင်သစ်မှာ လုံခြုံရေးအင်အား ၁ သိန်းကျော် အစောင့်ချ

  • 17 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption စီးနင်း ရှာဖွေမှု ၁၂၈ ကြိမ် တနင်္လာနေ့ ညလုံးပေါက် ထပ်တိုး လုပ်ဆောင်ခဲ့။

သောကြာနေ့ည ပဲရစ်မြို့ တိုက်ခိုက်မှုကို ကြုံခဲ့ရပြီးနောက် ပြင်သစ် နိုင်ငံ အနှံ့မှာ လုံခြုံရေး ဝန်ထမ်း အင်အား ၁ သိန်း ၁ သောင်း ၅ ထောင်ကို အစောင့်ချထား လိုက်တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve က ပြောပါတယ်။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေလို့ သံသယရှိသူ တွေကို စီးနင်း ရှာဖွေမှုတွေလည်း ထပ်တိုး လုပ်ဆောင် ခဲ့ပြီး တနင်္လာနေ့ ညကနေ အင်္ဂါနေ့အထိ စီးနင်း ရှာဖွေမှုပေါင်း ၁၂၈ ကြိမ် ပြုလုပ် ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ဆီးရီးယားမှာ ရှိတဲ့ IS ပစ်မှတ်တွေကို ပြင်သစ်က လေကြောင်း တိုက်ခိုက်မှုတွေလည်း တနင်္လာနေ့ ညမှာ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

လူ ၁၂၉ ယောက် သေဆုံးခဲ့ရတဲ့ သောကြာနေ့ ည တိုက်ခိုက်မှုကို IS အဖွဲ့က သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လွတ်မြောက်နေတဲ့ ဆာလာ အက်ဘ်ဒီဆလမ် Salah Abdeslam ကို ဖမ်းမိနိုင်ဖို့ ရဲတွေက ရှာဖွေနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဇာတိဖြစ်တဲ့ ဘယ်လ်ဂျီယံကို ထွက်ပြေး ရောက်ရှိသွားပြီလို့ ယူဆ နေကြပြီး၊ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က သူ့ဓာတ်ပုံကို ထုတ်ပြန် ထားပါတယ်။

ပြင်သစ်နိုင်ငံမှာ တနင်္လာနေ့ အစောပိုင်း တုန်းကလည်း စီးနင်း ရှာဖွေမှုတွေ အကြိမ် ၁၆၀ ကျော် ပြုလုပ်ခဲ့ပြီး လူ ၂၃ ယောက် ဖမ်းဆီးခဲ့ကာ လက်နက်တွေ သိမ်းဆည်း ရမိခဲ့ပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က IS အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ ပိုင်းဖြတ်ထားတယ်လို့ တနင်္လာနေ့က ပါလီမန် ၂ ရပ်ပေါင်း ပူးတွဲ ညီလာခံမှာ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ