IS ပစ်မှတ်ကိုပြင်သစ်နဲ့ ရုရှထိုးစစ်မြှင့်

  • 17 နိုဝင်ဘာ 2015
air_strikes_ ဓာတ်ပုံ မူပိုင် Reuters
Image caption လေကြောင်းစစ်ဆင်ရေး အရှိန်မြှင့်

ပါရီ မြို့တော် နဲ့ ရုရှ ခရီးသည်တင် လေယာဉ် ကို အိုင်အက်စ် လက်နက်ကိုင် အဖွဲ့က အကြမ်းဖက် ဖေါက်ခွဲ တိုက်ခိုက်မှု တွေ ကျူးလွန်ပြီးတဲ့ နောက်မှာ နှစ်နိုင်ငံ စလုံးက လည်း အိုင်အက်စ် ရဲ့ ခြေကုပ် စခန်း ပစ်မှတ်တွေ ကို တုံ့ပြန် စစ်ဆင်မှု တွေ သည်းသည်းမည်းမည်း လုပ်နေပါပြီ။

ပြင်သစ် တိုက်လေယာဉ် တွေ ဟာ ဆီးရီးယားနိုင်ငံ ရှိ အိုင်အက်စ် ခြေကုပ်စခန်း ရက်ကာမြို့ ကို နှစ်ရက် ဆက်တိုက် ဗုံးကြဲ နေသလို ရုရှ ကလည်း ရေငုပ်သင်္ဘော ကနေ ခရုစ်ဒုံးပျံ တွေ နဲ့ ရက်ကာ မြို့ အနီး ဆီ ပစ်လွှတ်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ရုရှ က လေကြောင်းစစ်ဆင်ရေး ကို နှစ်ဆ တိုးလိုက်သလို ဗုံးကြဲ လေယာဉ်တွေပေါ် က နေလည်း ခရုစ်ဒုံးပျံတွေ ကို ပစ်လွှတ် နေပါတယ်။ ပထမတုန်း က ရုရှသမ္မတ ပူတင် က အနောက်အုပ်စု နဲ့ စစ်ရေးအရ ပူးပေါင်းပြီး အိုင်အက်စ် အမြစ်ဖြုတ်ရေး ဆွေးနွေးတဲ့ အဆင့် ကနေ အခုတော့ သာမန် မဟာမိတ် ထက် ကျော်လွန်ပြီး တူညီတဲ့ အရေးယူ ဆောင်ရွက်မှု ပြုလာကြတာ ကို တွေ့ရတဲ့ အကြောင်း ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် ဂျွန်နသန် မားကတ်စ် က သုံးသပ်ပြပါတယ်။

သမ္မတ ပူတင် ရဲ့ ပြောစကား အရ ဆိုင်းနိုင်းမှာ ရုရှ လေယာဉ် ကိုပစ်ချပြီး ရုရှ နိုင်ငံသားတွေ ကို အသက် ဆုံးရှုံးစေခဲ့တဲ့ သွေးစွန်းတဲ့ ရာဇဝတ်မှု အတွက် သူတို့ဟာ နှလုံးသား ထဲ က မျက်ရေတွေ ကို မသုတ်ရသေးတဲ့ အကြောင်း၊ ဒီ ကြေကွဲဖွယ် ဖြစ်ရပ် ဟာ အမြဲ စွဲမြဲ နေဦး မှာ ဖြစ်တဲ့ အတွက် ပြစ်မှု ကျူးလွန်သူတွေ ကိုလည်း မတွေ့ တွေ့အောင်ရှာပြီး ဒဏ်ခတ် ဦးမှာ ပါ လို့ ပြောသွား တာပါ။

ဆီးရီးယား ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဒုက္ခသည် အရေးကိစ္စတွေ ဖြေရှင်း ပေးနိုင် မှ သာ အရှေ့အလယ်ပိုင်းဒေသ ရဲ့ စစ်မီး တစိတ်တပိုင်း ပြေငြိမ်းလာစရာ ရှိတာ ကို ပြီးခဲ့တဲ့ သီတင်းပတ် က အနောက်အုပ်စု ခေါင်းဆောင် တွေ ဟာ ဗီယင်နာမြို့တော်မှာ ဆွေးနွေး အဖြေရှာ တဲ့ အကြောင်း၊ လာမဲ့ ခြောက်လ အတွင်း ဂိုဏ်းဂဏ ဘာသာရေး အယူအစွဲ ကင်းစင်တဲ့၊ အများပါဝင်နိုင်တဲ့ အစိုးရ ပေါ်ပေါက်ရေး ကို ရှေ့နှစ်ဆန်းပိုင်း အကောင်အထည်ဖေါ်နိုင်ရင် အိုင်အက်စ် ကိုလည်း အမြစ်ပြတ်စေနိုင်မဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ဘီဘီစီ ကိုပြောပါတယ်။

ဆီးရီးယား အရေး ကို ပြေလည်သွားအောင် လာမဲ့ လပိုင်းအတွင်းမှာ စနစ်တကျနဲ့ သတိ မလွတ်စေပဲ လုပ်ကိုင် နိုင်တယ် ဆိုတာ သေချာလို့ အိုင်အက်စ် အဖွဲ့လည်းဒီ ဖိအားဒဏ် ကို သိတာနဲ့ အမျှ ဖြည်းဖြည်းချင်း အားအင်ချိနဲ့ ပြီး ပျက်သုဉ်း သွားနိုင်ပါတယ် လို့ မစ္စတာ ကယ်ရီ က ဘီဘီစီ သတင်းထောက် ဘာဘရာပလက် အာရှာ ကို ပြောတာပါ။