IS ကို အပြုတ်တိုက်ပစ်မယ်လို့ ပြင်သစ်သမ္မတ ကတိပေး

  • 17 နိုဝင်ဘာ 2015
_hollande_ ဓာတ်ပုံ မူပိုင် AFP
Image caption ရဲ တပ်ဖွဲ့ ကို လုပ်ပိုင် ခွင့် တွေ ပို ပေး လို့ ရအောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြင်ဆင် မှု တွေ လုပ်ကောင်း လုပ် လာ နိုင်တယ်။

ပြီးခဲ့တဲ့ သောကြာ နေ့က ပဲရစ်မြို့တော် အတိုက်အခိုက် ခံခဲ့ရပြီးတဲ့ နောက် အခုဆို ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို အမြစ်ပြတ် ချေမှုန်း ပစ်မယ် ဆိုပြီး ကတိပေး ပြောကြား လာပါတယ်။

အီရတ် နဲ့ ဆီးရီးယား နိုင်ငံတွေ ထဲ က IS အဖွဲ့ ကို လေကြောင်း တိုက်ခိုက်မှု တွေ တိုးမြှင့် ပြုလုပ် သွားမယ် ဆိုပြီး ရှားတောင့်ရှားပါး ပါလီမန် ၂ ရပ်စလုံး ကို ပြောကြား ခဲ့တဲ့ မိန့်ခွန်းထဲ သမ္မတ အိုလော်န့် က ထည့်သွင်း ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံမှာ အခုဆို ရဲ တပ်ဖွဲ့ အတွက် လူအင်အား အသစ် ၂ ထောင် ဖြည့်တင်းမှာ ဖြစ် ပြီး၊ ရဲ တပ်ဖွဲ့ ကို လုပ်ပိုင် ခွင့် တွေ ပို ပေး လို့ ရအောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြင်ဆင် မှု တွေ လုပ်ကောင်း လုပ် လာ နိုင်ပါတယ်။

ပြင်သစ် နိုင်ငံ တဝှမ်း ကြေညာ ထားတဲ့ အရေးပေါ် အခြေ အနေ ကိုလည်း ၃ လ အထိ သက်တမ်း တိုးဖို့ ပါလီမန် ထံကို တောင်းဆို ကောင်း တောင်းဆို မယ်လို့လည်း မစ္စတာ အိုလော်န့် က ပြောပါတယ်။

လက်ဝဲ ဝါဒီ ဆိုရှယ်လစ် သမ္မတ ရဲ့ အခုလို လုပ်ဆောင်ချက် တွေ ဟာ အုပ်ချုပ်ရေး နဲ့ တရားရေး ဆိုင်ရာ အားနည်း လိုအပ်ချက် တွေ အပေါ် ထိရောက် အောင် ပြင်ဆင် နိုင်တာ မျိုး မဟုတ်ပဲ ပြင်သစ် နိုင်ငံ ကြုံတွေ့ နေရတဲ့ အန္တရာယ် ရဲ့ ပကတိ အတိုင်းအတာ ကို ထည့်သွင်း စဉ်းစားဖို့ ပျက်ကွက် တယ် ဆိုပြီး ပြင်သစ် လက်ျာ ပါလီမန် အမတ် တွေ က ယူဆ နေကြ ပါတယ်။

တခါ၊ ပဲရစ် မြို့တော် အတိုက်အခိုက် ခံခဲ့ရမှု တွေ အပေါ် စုံစမ်း စစ်ဆေး နေကြတာ မှာ အဓိက ကြိုးကိုင် စီစဉ် ခဲ့သူ အနေနဲ့ ဘယ်လ်ဂျီယမ် နိုင်ငံဖွား မော်ရိုကို လူမျိုး တစ်ဦး အပေါ် အာရုံစိုက် စုံစမ်း နေကြတာ ဖြစ်ပါတယ်။

အဲဒီ့သူဟာ အသက် ၂၇ နှစ် အရွယ် Abdelhamid Abaaoud ဆိုသူ ဖြစ်ပြီး၊ ပဲရစ် မြို့ကို တိုက်ခိုက်ရာ မှာ ပါဝင် ခဲ့သူ ၂ ဦး နဲ့ ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆဲလ် မြို့မှာ တစ်ရပ်ကွက်ထဲ နေထိုင်သူ ဖြစ်ပါတယ်။

အခု အချိန်မှာ Abdelhamid Abaaoud ဟာ ဆီးရီးယား နိုင်ငံ ထဲ ရောက်ရှိ နေပြီး IS အဖွဲ့ နဲ့ အတူ ရှိနေတယ်လို့ ယူဆ ထားကြ ပါတယ်။

ပဲရစ်မြို့တော် ကို တိုက်ခိုက်တဲ့ အထဲ Abdeslam ညီ အစ်ကို ၃ ဦး စလုံး ပါဝင် တယ် လို့ ယူဆပြီး ဘရပ်စ်ဆဲလ် မှာ ဖမ်းဆီး ထားတဲ့ Mohammed Abdeslam ကိုတော့ ဘာပုဒ်မ မှ မတပ်ပဲ ပြန်လွှတ် ပေး လိုက် ပါတယ်။

သူနဲ့ ညီအစ်ကိုရင်း တွေ ဖြစ်ကြတဲ့ Brahim Abdeslam ဟာ ပဲရစ် မြို့တော် မှာ အသေခံ ဗုံးခွဲ့ ပြီး၊ နောက်တစ်ဦး ဖြစ်တဲ့ Salah Abdeslam ကတော့ လောလောဆယ် ထွက်ပြေး လွတ်မြောက် နေဆဲ ဖြစ်ပါတယ်။

Mohammed Abdeslam က သူ လွတ်မြောက် လာခဲ့ အပြီး သူ့ရဲ့ ညီအစ်ကို ၂ ဦး ဘာတွေ ပြုလုပ် ခဲ့ကြ သလဲ ဆိုတာ ကျန်တဲ့ မိသားစု ဝင် တွေ မသိကြရဘူး လို့ သတင်းထောက် တွေ ကို ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ