အကြမ်းဖက်ခံရလို့ ရုရှားလေယာဉ် ပျက်ကျတာလို့ဆို

  • 17 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ဖောက်ခွဲရေး ပစ္စည်း အစအနတွေကို တွေ့ရတယ်လို့ ဆို။

ပြီးခဲ့တဲ့ လက အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မှာ လူ ၂၂၄ ယောက် သေဆုံးခဲ့ရတဲ့ ရုရှား ခရီးသည်တင် လေယာဉ် ပျက်ကျမှုဟာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ရုရှား လုံခြုံရေးဌာန အကြီးအကဲက ပြောလိုက်ပါတယ်။

အဲဒီ လေယာဉ် အကြွင်းအကျန်တွေထဲမှာ ဖောက်ခွဲရေး ပစ္စည်း အစအနတွေ တွေ့ရတယ်လို့ ရုရှား လုံခြုံရေး အကြီးအကဲ အလက်ဇန်ဒါး ဘော့တ်နီကော့ဗ်က သမ္မတ ပူတင်ကို ပြောပါတယ်။

သမ္မတ ပူတင်ကတော့ အဲဒီ တိုက်ခိုက်မှုရဲ့ လက်သည်ကို ရှာဖွေ အပြစ်ပေး သွားမယ်လို့ ပြောပါတယ်။ အီဂျစ် အခြေစိုက် IS အဖွဲ့ခွဲ တစ်ခုကတော့ အဲဒီ တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ပြောထားပါတယ်။

ရုရှား Metrojet လေကြောင်းပိုင် လေယာဉ်ပေါ်မှာ တီအန်တီ ယမ်းအား ၁ ကီလိုဂရမ်နဲ့ ညီမျှတဲ့ ဗုံးတစ်လုံး ပါသွားခဲ့တာလို့ မစ္စတာ ဘော့တ်တီကော့ဗ်က ပြောပါတယ်။

ဆိုင်းနိုင်း လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ရရှိဖို့အတွက် ရုရှားက ဆုကြေးငွေ ဒေါ်လာ သန်း ၅၀ ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ညက ဖြစ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လူ ၁၂၉ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကိုလည်း IS အဖွဲ့က သူတို့ လက်ချက်လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ