ပဲရစ်မြို့ အကြမ်းဖက် ခေါင်းဆောင်ရဲ့ ကံကြမ္မာ အတိအကျ မသိ

  • 19 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲတွေ စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးခဲ့သူ ၈ဉီးထဲမှာ Abdelhamid Abaaoud မပါ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကို ဉီးဆောင် လုပ်ခဲ့သူတွေလို့ ယူဆရသူ Abdelhamid Abaaoud နဲ့ Salah Abdeslam တို့ သက်ရှိထင်ရှား ရှိနေတုန်းလား၊ သေဆုံးသွားပြီလားဆိုတာကို အသေအချာ မသိရသေးဘူးလို့ ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။

မနေ့ မနက်လင်းအားကြီးအချိန်လောက်က ပဲရစ်မြို့ မြောက်ပိုင်းက ရပ်ကွက်တခုမှာ ရှိတဲ့ တိုက်ခန်းတွဲကို ရဲက စီးနင်း တိုက်ခိုက်ခဲ့စဉ် အတွင်း ဖမ်းဆီးခဲ့တဲ့ လူ ၈ယောက်ထဲမှာ သူတို့ မပါဘူးလို့ အစိုးရ အမှုလိုက်ရှေ့နေ Francois Molins က ပြောပါတယ်။

စီးနင်းတိုက်ခိုက်မှုအပြီး အမျိုးသား ၇ဉီး၊ အမျိုးသမီး ၁ဉီး စုစုပေါင်း လူ ၈ဉီးကို ရဲက ဖမ်းဆီးထားပြီး လောလောဆယ် စစ်ဆေးမေးမြန်းနေပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အမျိုးသမီးတဉီး ဗုံးခွဲ အသေခံသွားသလို အမျိုးသားတဉီးကိုတော့ ရဲတွေက ပစ်သတ် ဖမ်းဆီးခဲ့ပါတယ်။

ရဲတွေ စီးနင်း တိုက်ခိုက်ခဲ့စဉ်မှာ အကြမ်းဖက်သမားတွေက ပြန်ခံတိုက်ဖို့ ပြင်ထားပုံရပြီး ခက်ခက်ခဲခဲ တိုက်ခဲ့ရကြောင်းနဲ့ တနာရီလောက် ကြာတဲ့ အဲဒီ စီးနင်း တိုက်ခိုက်မှုအတွင်း ရဲတွေဘက်က လက်နက်မျိုးစုံနဲ့ ကျည်ဆံ အတောင့် ၅၀၀၀ လောက် သုံးခဲ့ရကြောင်း မစ္စတာ Molins က သတင်းထောက်တွေကို ပြောပြပါတယ်။

အဲဒီ တိုက်ခန်း အဆောက်အအုံဟာလည်း ပြိုကျလုနီးပါး အခြေအနေ ဖြစ်သွားပြီလို့ ဆိုပါတယ်။

အပျက်အစီးပုံတွေ အောက်မှာ တွေ့ရတဲ့ လူသေအလောင်းဟာလည်း လူရုပ် မပေါ် လောက်အောင် ပုံပျက်သွားပြီး အဲဒီလူ ဘယ်သူဘယ်ဝါလဲဆိုတာ ခက်ခက်ခဲခဲ ဖော်ထုတ် ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီစီးနင်းတိုက်ခိုက်မှုအတွင်း ပြင်သစ် အထူးရဲတပ်ဖွဲ့ဝင် ၅ယောက် ဒဏ်ရာ အနည်းအပါး ရခဲ့ကြပြီး ၇နှစ်သားအရွယ် ရဲ အနံ့ခံ ခွေးကြီးတကောင် သေသွားခဲ့ပါတယ်။

ရဲတွေရဲ့ စီးနင်း တိုက်ခိုက်မှုကြောင့် နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို တားဆီးနိုင်ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်လုပ်ဖို့ အသင့်ဖြစ်နေတဲ့ မြေအောက် အကြမ်းဖက် အုပ်စုသစ်တခုကို ဖေါ်ထုတ် တားဆီးလိုက်နိုင်ခဲ့တယ်လို့ မစ္စတာ Molins က ပြောပါတယ်။

IS အစ္စလာမစ် နိုင်ငံ အဖွဲ့ကတော့ ဆီးရီးယားမှာ ရှိတဲ့ ISတွေအပေါ် ပြင်သစ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ပဲရစ်မြို့က အကြမ်းဖက်တိုက်ခိုက်မှုတွေကို သူတို့ လုပ်ခဲ့တာလို့ ပြောနေပြီး နောက်ထပ်လည်း သွေးချောင်းစီးမယ့် အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်လုပ်အုံးမယ် ဆိုပြီး ရာဇသံ ပေး ခြိမ်းခြောက်ထားပါတယ်။