နိုင်ငံရေး အပြောင်းအလဲ မလုပ်နိုင်ဟု အာဆတ်ပြော

  • 19 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်က သူ့နိုင်ငံထဲမှာ အကြမ်းဖက်သမားတွေ ရှိနေသရွေ့ ပြည်တွင်းစစ်ကို အဆုံးသတ်စေမယ့် နိုင်ငံရေး ဖြစ်စဉ်ကို စတင်နိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

မစ္စတာ အာဆတ်က ရွေးကောက်ပွဲ လုပ်မယ့် အချိန်နဲ့ ပတ်သက်ပြီး အီတလီ အစိုးရ သတင်းဌာနကို ပြောရာမှာ အကြမ်းဖက် ဝါဒကို ချေမှုန်းပြီးမှ စနိုင်မှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။

သူ ရည်ညွှန်းတဲ့ အကြမ်းဖက်သမားတွေ ဆိုတာက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကိုပဲ ရည်ညွှန်းတာလား၊ ဒါမှမဟုတ် အနောက် နိုင်ငံတွေက ထောက်ပံ့တဲ့ သူပုန်တွေကိုပါ ပြောသလား ဆိုတာတော့ မကွဲပြား ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းကပဲ မစ္စတာ အာဆတ်ရဲ့ မဟာမိတ် နိုင်ငံတွေ အပါအဝင် နိုင်ငံ ၁၉ နိုင်ငံက ဆီးရီးယား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ စတင်မယ့် ရက်ကို ဇန်နဝါရီ ၁ ရက်နေ့အဖြစ် သတ်မှတ် ခဲ့ပါတယ်။

လာမယ့် ၂၀၁၆ မေလ ၁၄ ရက်မှာ ဆီးရီးယား အစိုးရနဲ့ သူပုန်တွေ အကြား အပစ်ရပ်ဖို့နဲ့ အဲဒီရက်ကနေ နောက်တစ်နှစ် အကြာမှာ ရွေးကောက်ပွဲတွေ လုပ်ပေးဖို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ ကြေညာချက်ကို အဲဒီ ၁၉ နိုင်ငံက လက်မှတ် ထိုးခဲ့ပါတယ်။

ဗီယင်နာ မြို့မှာ လက်မှတ် ထိုးခဲ့ကြတဲ့ အဲဒီ ဆွေနွေးပွဲကို ဆီးရီးယား အစိုးရရော၊ သူပုန်အဖွဲ့တွေကိုပါ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ