IS ချေမှုန်းရေး ကမ္ဘာ့နိုင်ငံအားလုံး လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီ တိုက်တွန်း

  • 21 နိုဝင်ဘာ 2015
_un ဓာတ်ပုံ မူပိုင် AP
Image caption အားလုံး အတူ ပူးပေါင်း ပြီး လက်ရှိ လုပ်ဆောင် နေကြတာတွေ ထက် ၂ ဆ တိုး ဆောင်ရွက် ကြမယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို တိုက်ခိုက် ချေမှုန်းရေးမှာ ကမ္ဘာတလွှားက နိုင်ငံတွေ အားလုံး ပါဝင် ကြဖို့ တောင်းဆိုကြောင်း ကုလသမဂ္ဂ ရဲ့ လုံခြုံရေး ကောင်စီကနေ ကန့်ကွက်မယ့်သူ မရှိ တခဲနက် ဆုံးဖြတ် လိုက် ပါတယ်။

ဆီးရီးယားနဲ့ အီရတ် နိုင်ငံထဲက IS အဖွဲ့ တွေကို ကိုင်တွယ်ရာမှာ အားလုံး အတူ ပူးပေါင်း ပြီး လက်ရှိ လုပ်ဆောင် နေကြတာတွေ ထက် ၂ ဆ တိုး ဆောင်ရွက် ကြဖို့ လည်း လုံခြုံရေး ကောင်စီ ဆုံးဖြတ် ချက် မှာ တိုက်တွန်း ထားပါတယ်။

ဒီ ဆုံးဖြတ်ချက် ချနိုင်ဖို့ မူကြမ်းကို ပြင်သစ် နိုင်ငံက တင်သွင်း ခဲ့တာ ဖြစ်ပြီး IS အဖွဲ့ ကြောင့် ကမ္ဘာကြီး ပေါ်မှာ နိုင်ငံတကာ ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟာ မကြုံစဖူး အခြိမ်းခြောက် ခံနေရပြီ လို့ ဆိုထားပါတယ်။

ပဲရစ်မြို့တော် အတိုက်အခိုက် ခံခဲ့ရတာ သီတင်း တစ်ပတ် တင်းတင်း ပြည့် ခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် ညနေနှောင်းပိုင်း မှာ တော့ သေဆုံးခဲ့ကြရသူ အယောက် ၁၃၀ အတွက် ရည်စူးပြီး ပဲရစ် ရဲ့ လမ်းတွေ ပေါ်မှာ အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ် ခဲ့ကြပါတယ်။

လူ အသေအပျောက် အများဆုံး ဖြစ်ခဲ့ရတဲ့ ဘာတာကလော်န် ဂီတရုံ ခန်းမ ရှေ့ အပါအဝင် ပစ်မှတ် ထားခံခဲ့ရတဲ့ ဘားဆိုင်တွေ စားသောက် ဆိုင် တွေ အရှေ့မှာ လူတွေ စုဝေး ခဲ့ကြပြီး စတင် တိုက်ခိုက် ခံခဲ့ရတဲ့ ဒေသ စံတော်ချိန် ညနေ ၈နာရီ မိနစ် ၂၀ အချိန် မှာတော့ လူအုပ် တွေ ဆီ ကနေ တိုင်ပင် မထားပဲ လက်ခုပ်သံတွေ ထွက်ပေါ် လာပါတယ်။

အာဏာရှင် အုပ်စိုးသူတွေ၊ ပြည်ပ ကျူးကျော်သူတွေ ကို ခုခံ အောင် နိုင်ခဲ့ပြီး ပြင်သစ်ပြည် လွတ်မြောက်ရေး ကို ဖော်ကျူး ထားတဲ့ နိုင်ငံတော် သီချင်း လာ မာဆေယေးစ် ကိုလည်း တချို့ သီကြွေး ကြပါတယ်။

ပြင်သစ် ယဉ်ကျေးမှုကြီး ဆက်လက် ၀င်းလက် တောက်ပ နေဦးမယ် ဆိုတာ ကို ပြသဖို့ ဒီ အချိန်မှာ အသံတွေ ဆူညံနေ ပါစေ၊ မီးရောင်တွေ ထိန်ညီး နေပါစေ ဆိုပြီး ပြင်သစ် ယဉ်ကျေးမှု ရဲ့ အထင်ကရ ဦးစီးဦးဆောင် ပုဂ္ဂိုလ်တွေ က အစောပိုင်း ကတည်းက ဆော်ဩ နေခဲ့ကြ ပါတယ်။

ပဲရစ် တိုက်ခိုက် ခံခဲ့ရတာမှာ စုစုပေါင်း လူ အယောက် ၁၃၀ သေဆုံး ခဲ့ရပြီး လူ ၉၀ ကိုလည်း အထူး ကြပ်မတ် ကုသ ပေးနေရဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ