ဘယ်လ်ဂျီယံ အမြင့်ဆုံးတပ်လှန့်မှု ၃ ရက်မြောက်

  • 23 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ၃ ရက်မြောက်နေ့ အဖြစ် လုံခြုံရေး အမြင့်ဆုံးအဆင့် တပ်လှန့်ထား။

လုံခြုံရေး အမြင့်ဆုံးအဆင့် တပ်လှန့်ထားတဲ့ ဘယ်လ်ဂျီယံ နိုင်ငံမှာ အကြမ်းဖက် သမားတွေလို့ သံသယရှိတဲ့ လူတွေကို ရှာဖွေဖို့ ဘရပ်ဆဲလ်စ် မြို့နဲ့ လိဂျ် မြို့တွေမှာ စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဒီကနေ့ တနင်္လာနေ့မှာ လူ ၅ ဦးကို ထပ်မံ ဖမ်းဆီး ခဲ့တယ်လို့ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘယ်လ်ဂျီယံမှာ လုံခြုံရေး အမြင့်ဆုံး အဆင့် တပ်လှန့်မှုကို ၃ ရက်မြောက်နေ့ အဖြစ် ဆက်လက် ထားရှိတာ ဖြစ်ပြီး တနင်္ဂနွေနေ့ကနေ စတင်ပြီး အခုချိန်အထိ စုစုပေါင်း လူ ၂၁ ယောက်ကို ဖမ်းဆီးပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပဲရစ်မြို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိတဲ့ ဆာလာ အက်ဘ်ဒီဆလမ် Salah Abdeslam ကိုတော့ ဖမ်းမိခြင်း မရှိသေးပါဘူး။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ သတိပေးချက် အသစ်တွေ ထွက်လာခဲ့ပြီးနောက် ဘယ်လ်ဂျီယံ မြို့တော် ဘရပ်ဆဲလ်စ်မှာ စျေးဆိုင်တွေ၊ ကျောင်းတွေနဲ့ အများသုံး ပို့ဆောင်ရေး စနစ်တွေကို ပိတ်ထားဆဲ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ စစ်သားတွေက လမ်းတွေပေါ်မှာ လှည့်လည် စောင့်ကြပ် နေပါတယ်။

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားလ်စ် မိုက်ကယ်ကတော့ မြို့တော်ကို ပုံမှန် အခြေအနေ အမြန်ဆုံး ပြန်ရောက်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပဲရစ်မြို့ တိုက်ခိုက်မှုလိုမျိုး နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်လာမှာကို အာဏာပိုင်တွေက ထိတ်လန့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ