နောက်ဆုံးလက်ကျန် မြောက်ပိုင်းကြံ့ဖြူ တစ်ကောင် သေဆုံး

  • 23 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption နိုဝင်ဘာ ၁၃ ရက်နေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် အခြေအနေ ဆိုးရွားလာခဲ့။

ကမ္ဘာပေါ်မှာ နောက်ဆုံး ကျန်ရစ်တဲ့ မြောက်ပိုင်းကြံ့ဖြူ ၄ ကောင် အနက် တစ်ကောင်ဟာ အမေရိကန် ပြည်ထောင်စုက တိရစ္ဆာန်ရုံ တစ်ရုံမှာ သေဆုံး သွားခဲ့ပါတယ်။

နိုလာ Nola လို့ ခေါ်တဲ့ ၄၁ နှစ်အရွယ် ကြံ့ဖြူမဟာ ပြည်တည်နာ အတွက် ခွဲစိပ်မှု ခံယူခဲ့ပြီးနောက် အခြေအနေ ဆိုးရွား လာခဲ့တဲ့ အတွက် တနင်္ဂနွေက သူ့ကို သေစေဖို့ ဆုံးဖြတ် ခဲ့ကြတာပါ။

နိုလာဟာ ဆန်ဒီယာဂို တိရစ္ဆာန်ရုံမှာ ၁၉၈၉ ခုနှစ်ကတည်းက လူစိတ်ဝင်စား ထင်ရှားခဲ့တဲ့ မြောက်ပိုင်း ကြံ့ဖြူမ ဖြစ်ခဲ့ပါတယ်။

တခြား မြောက်ပိုင်းကြံ့ဖြူ ၃ ကောင်ကတော့ ကင်ညာ နိုင်ငံမှာ ရှိပြီး သူတို့အားလုံး အသက်ကြီးပိုင်းထဲ ရောက်နေကြကာ အနီးကပ် စောင့်ရှောက်မှုနဲ့ ထားရှိပါတယ်။

စျေးကောင်းရတဲ့ ဦးချိုအတွက် ခိုးဖမ်း သတ်ဖြတ်တဲ့ သူတွေကြောင့် မြောက်ပိုင်း ကြံ့ဖြူတွေ ရှားပါးလာခဲ့ရာမှာ ၂၀၀၈ ခုနှစ်မှာတော့ တောတွင်းမှာ လုံးဝ မျိုးတုံး ပျောက်ကွယ် သွားပြီလို့ ကြေညာခဲ့ပါတယ်။

တောင်ပိုင်းကြံ့ဖြူ အရေအတွက်ကတော့ ကမ္ဘာပေါ်မှာ ၂ သောင်းလောက် ရှိဦးမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ