အီဂျစ် ဟိုတယ်တစ်ခု တိုက်ခိုက်ခံရ၊ ၄ ဦးသေ

  • 24 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption တိုက်ခိုက်မှုကို နည်းလမ်း ၃ မျိုးနဲ့ ပြုလုပ်ခဲ့ကြတယ်လို့ ဆို။

အီဂျစ်နိုင်ငံ၊ ဆိုင်းနိုင်း မြောက်ပိုင်းမှာ အသေခံ ဗုံးခွဲသမား နှစ်ယောက်နဲ့ သေနတ်သမား တစ်ယောက်တို့က ဟိုတယ် တစ်ခုကို ဝင်ရောက် တိုက်ခိုက်တဲ့အတွက် လူ ၄ ယောက် သေဆုံး ခဲ့တယ်လို့ အီဂျစ် အရာရှိတွေက ပြောပါတယ်။

el-Arish မြို့မှာ ရှိတဲ့ ဆွစ် ဟိုတယ်ကို တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပြီး တိုက်ခိုက်သူ အားလုံး သေဆုံးခဲ့တယ်လို့ အီဂျစ် အရာရှိ တွေက ပြောပါတယ်။

အဆောက်အဦး ဝင်ပေါက်မှာ ဖောက်ခွဲရေးပစ္စည်း အပြည့်ပါတဲ့ ကားတစ်စီးကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပြီးနောက် အဲဒီကား ပေါက်ကွဲ ခဲ့ပါတယ်။

ဒါပေမယ့် ဗုံးခွဲ သမား တစ်ယောက်ကတော့ ဟိုတယ်ထဲကို ဝင်သွားနိုင်ခဲ့ပြီး သူ့ကိုယ်ပေါ်က ဖောက်ခွဲရေး ဝတ်စုံကို ဖောက်ခွဲ ပစ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ တတိယ တစ်ယောက်က ဟိုတယ်ခန်း တစ်ခုထဲက တရားသူကြီး တစ်ယောက်ကို ပစ်သတ် ခဲ့ပါတယ်။

ဆိုင်းနိုင်း အခြေစိုက် အစ္စလာမ္မစ် နိုင်ငံအဖွဲ့ခွဲက တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း ၁၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့လည်း အီဂျစ် စစ်တပ် ထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ