တူရကီမှ ရုရှတိုက်လေယာဉ်ပစ်ချမှု ကိုင်တွယ်ရေး

  • 24 နိုဝင်ဘာ 2015
russia_fighter_jet_ ဓာတ်ပုံ မူပိုင် Russian Defense Ministry
Image caption ရုရှသုံး ဂျက်တိုက်လေယာဉ်

ရုရှ ဂျက်တိုက်လေယာဉ် ကို တူရကီ က သူ့ လေကြောင်း ပိုင်နက်ထဲ ဖြတ်သန်း မောင်းနှင် လို့ ငါးမိနစ် အတွင်း ဆယ်ကြိမ် တိုင်အောင် သတိပေးတဲ့ ကြားက ပျံသန်းဆဲ ပြုတဲ့ အတွက် ပစ်ချတဲ့ အရေးကိစ္စ ဟာ ကြီးထွား လာပါပြီ။ ရုရှ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန မှ ထိတ်တန်း အရာရှိ ဆာဂေး ရုဒ်စကွိုင်းက တော့ တူရကီ ဘက်က ရုရှလေယာဉ်မှူး တွေ ကို သတိပေးတဲ့ အချက်အလက် မရှိခဲ့ပါဘူး လို့ ငြင်းချက်ထုတ်ပါတယ်။

တူရကီ ဂျက်လေယာဉ် က ပစ်လိုက် တဲ့ ရော့ကက်ဟာ ဆီးရီးယား ဝေဟင် ပိုင်နက်ထဲမှာ ရုရှ တိုက်လေယာဉ် ကို ထိမှန်ပြီး တူရကီ နယ်စပ်နဲ့ လေးကီလိုမီတာ ကွာတဲ့ ဆီးရီးယား ပိုင်နက် ထဲ့ ပျက်ကျခဲ့တာပါ။ ဒါကြောင့်မို့ အခုတော့ ဆီးရီးယား ဘက် စစ်ဆင်ရေးတွေ တိုးချဲ့တော့ မယ့် အကြောင်း တူရကီ နဲ့ လည်း စစ်ရေးအရ ဆက်ဆံမှု ဖြတ်တောက်မဲ့ အကြောင်း ရုရှ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန က အသံ ထွက်လာပါပြီ။

ရုရှသမ္မတ ပူတင် အနေနဲ့ အရှေ့အလယ်ပိုင်း အငြင်းပွားမှု ထဲ ပါဝင်လာရခြင်း က ဆီးရီးယား သမ္မတ အာဆတ် ကို ထောက်ခံတာက တပိုင်း၊ ရုရှ ခရီးသည်တင် လေယာဉ် ကို အိုင်အက်စ် တို့က ပစ်ချခဲ့တဲ့ အတွက် အနောက် အုပ်စု နဲ့ အိုင်အက်စ် ကိုပူးပေါင်း နှိမ်နင်းဖို့ ပဲရစ် တိုက်ခိုက် ခံရမှု အပြီးမှာ အခိုင်အမာ ဖြစ်လာတာပါ။ ဒါပေမဲ့ ရုရှပြည်သူ တွေ ကျေနပ် လက်ခံအောင် သူရှင်းပြရတော့မှာပါ။ ဒါကြောင့် လတ်တလောမှာတော့ တူရကီ ကို စီးပွားရေး ဒဏ်ခတ်ဖို့၊ ခရီးမထွက်ကြဖို့ ရုပ်သံ ကနေ ပြင်းပြင်းထန်ထန် သတိပေးစကား တွေ ထွက်လာ ရတဲ့ အကြောင်းဘီဘီစီ မော်စကို သတင်းထောက် က သုံးသပ် ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကတော့ လည်း တခြားနိုင်ငံတွေ လိုပဲ တူရကီ အနေနဲ့ သူ့ မြေပြင် ပိုင်နက် နဲ့ ဝေဟင် ပိုင်နက် ကို ကာကွယ်ပိုင်ခွင့် ရှိပါတယ်။ အခုနေ အရေးကြီးဆုံး ကတော့ နှစ်နိုင်ငံစလုံးဟာ ဖြစ်ရပ်မှန် အရင်းအမြစ် ကို ပူးပေါင်း ဖေါ်ထုတ်ပြီး လက်တုန့်ပြန်တာမျိုး တွေ အားမပေးစေချင်ဘူး လို့ ဆိုပါတယ်။

တူရကီ ဟာ နေတိုး စစ်အုပ်စု အဖွဲဝင် ဖြစ်တဲ့ အတွက် အခု အခြေအနေမှာ ရုရှ ရော တူရကီ ပါ စဉ်းစဉ်းစားစား နဲ့ အခု အခြေအနေကို ကိုင်တွယ် ဖို့ နေတိုး အတွင်းရေးမှူးချုပ် ယဲန်းစတိုလ်တန်းဘက်ဂ် က ပြောပါတယ်။ နေတိုး ဘက် က ပြောချင်တာကတော့ နှစ်နိုင်ငံစလုံး ခေါင်းအေးအေးထားပြီး အခြေအနေ ပိုဆိုးအောင် မလုပ် စေချင်တဲ့ အကြောင်း၊ အခု အချိန်ဟာ သိပ်အရေးကြီးတဲ့ အခြေအနေ မို့ နှစ်ဘက်စလုံး အဆက်အသွယ် ပြုကြယင်း နောင်ကို ဒီလို မဖြစ်အောင် ဘယ်လို ကြိုးပမ်း လုပ်ဆောင်မယ် ဆိုတာ ကို စဉ်းစား စေလိုကြောင်း နေတိုး အတွင်းရေးမှူးချုပ် က ပြောပါတယ်။