၂၀၁၅ က ကမ္ဘာကြီး အပူနွေးဆုံးနှစ် ဖြစ်နိုင်

  • 25 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် WMO
Image caption ကမ္ဘာ့အပူချိန်ဟာ ၁၉၆၁-၁၉၉၀ ကာလတွေနဲ့ ဘယ်လောက် ကွာခြားသွားသလဲ ဆိုတာ ဒီဂရပ်က ဖော်ပြထား။

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်ဟာ စံချိန်တင် အမြင့်ဆုံး ဖြစ်ဖို့ အလားအလာ ရှိနေတယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီး WMO ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

အောက်တိုဘာလ အထိ သိထားသမျှ အချက်အလက်တွေ အရ အခုနှစ်အတွင်း ပျမ်းမျှ အပူချိန်ဟာ အရင်ကြုံဖူးသမျှ ၁၂ လတာ နှစ်တွေထက် အတော်လေး ပိုများနေတယ်လို့ ဆိုပါတယ်။

တစ်ခါ ၅ နှစ်တာ ကာလတွေကို ပိုင်းခြား လေ့လာရာမှာလည်း ၂၀၁၁ ကနေ ၂၀၁၅ အထိ ၅ နှစ် ကာလက အပူဆုံး ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

အခုလို အပူချိန် မြင့်တက်မှုဟာ ပြင်းထန်တဲ့ အယ်နီးညို ရာသီဥတုနဲ့အတူ လူလုပ် အကြောင်းရင်းတွေ ကြောင့်လည်း ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

လက်ရှိ ကမ္ဘာ့ အပူချိန်ဟာ စက်မှုခေတ် မတိုင်မီက ရှိခဲ့တဲ့ ကမ္ဘာ့အပူချိန်ထက် ၁ ဒီဂရီ ဆဲလ်ဆီးယပ်စ် ပိုများနေတယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။

၁၉၆၁-၁၉၉၀ ကြား ကာလနဲ့ နှိုင်းရင်တော့ ၂၀၁၅ ခုနှစ်မှာ အောက်တိုဘာ အထိ သိထားသမျှ အချက်အလက်တွေ အရ ၀.၇၃ ဆဲလ်ဆီးယပ်စ် ပိုများတယ်လို့ WMO က ပြောပါတယ်။

လာမယ့် သီတင်းပတ်အတွင်း ပဲရစ်မြို့မှာ ပြုလုပ်ဖို့ ရှိတဲ့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ WMO က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ