ခွန်ဒုဇ်ဆေးရုံ ဗုံးဟာ မတော်တဆမှုလို့ အမေရိကန်ပြော

  • 26 နိုဝင်ဘာ 2015
Image caption ဆေးရုံကို ဗုံးထိမှန်မှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ခွန်ဒူးဇ်မြို့က MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ ဆေးရုံတခုကို အမေရိကန်စစ်တပ်ရဲ့ ဗုံးထိမှန်ခဲ့တာဟာ လူကြောင့် ဖြစ်တဲ့အမှား၊ နည်းပညာပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်း အမှားတွေကြောင့် ဖြစ်ခဲ့တာလို့ အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ခွန်ဒူးဇ်မြို့ကို တာလီဘန်တွေလက်က ပြန်သိမ်းပိုက်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ရက်နေ့က အမေရိကန် စစ်တပ်က နာရီဝက်ကြာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့စဉ်မှာ MSF ဆေးရုံကို ဗုံးထိမှန်ခဲ့ပြီး အနည်းဆုံး လူ၃၀ သေဆုံးခဲ့ရတာပါ။

အဲဒီဆေးရုံနားက တာလီဘန်တွေရဲ့ စခန်းလို့ ယူဆရတဲ့ အဆောက်အအုံတခုကို ဗုံးကြဲ တိုက်ခိုက်ရမယ့်အစား လေယာဉ်ပေါ်က ဆက်သွယ်ရေး စနစ် ချွတ်ယွင်းနေတာကြောင့် အမေရိကန် စစ်တပ်ဖွဲ့ဝင်တွေက ဆေးရုံကို မှားပြီး ဗုံးကြဲမိခဲ့တာလို့ အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး John Campbell က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတချို့ကို ရာထူးကနေ ဆိုင်းငံ့ထားလိုက်ပြီး ကျင့်ဝတ် စည်းကမ်းနဲ့အညီ စစ်ဆေး အရေးယူသွားမယ်လို့ သူက ပြောပါတယ်။

MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကတော့ ဒါဟာ အမေရိကန် စစ်တပ်ရဲ့ တာဝန်ပေါ့လျော့မှုသာ ဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ စွပ်စွဲနေပါတယ်။

MSF က စွပ်စွဲ သလို အမေရိကန် စစ်တပ်အနေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မလွန် ဆိုတဲ့ မေးခွန်းကို အမေရိကန် စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်ကရှောင်လွှဲ ပြောသွားပြီး ဒါဟာ စစ်တပ်ရဲ့ လမ်းညွှန်ချက် စည်းကမ်းတွေကို ဖောက်ဖျက်မှုသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် MSF က တောင်းဆိုထားတဲ့အတိုင်း ဒီ ဖြစ်ရပ်အပေါ် သီးခြား လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခု လုပ်ပေးရေးနဲ့ ပတ်သက်လို့ အမေရိကန်တို့ဘက်က သဘောတူ လက်ခံမယ့်ပုံ တစုံတရာ မပြခဲ့ပဲ အမေရိကန် စစ်တပ်ရဲ့ စုံစမ်း စစ်ဆေးမှုဟာ စေ့စပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်တယ် ဆိုပြီး အခိုင်အမာ ပြောသွားခဲ့တယ်လို့ ဘီဘီစီသတင်းထောက် Barbara Plett က သတင်းပေးပို့ထားပါတယ်။