IS ကို လေကြောင်းတိုက်ဖို့ ယူကေ ဝန်ကြီးချုပ် အဆိုပြု

  • 26 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption IS က ယူကေကို တိုက်ဖို့ ကြိုးစားခဲ့ပြီး ဖြစ်တယ်လို့ ဒေးဗစ်ကင်မရွန်း ပြော။

ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဖို့ အဆိုပြုချက်ကို ပါလီမန်မှာ တင်သွင်း လိုက်ပါတယ်။

IS အဖွဲ့အပေါ် လေကြောင်း တိုက်ခိုက်မှုဟာ ယူကေရဲ့ အမျိုးသား အကျိုးစီးပွားနဲ့လည်း ကိုက်ညီမယ်လို့ ဒေးဗစ် ကင်မရွန်းက ပါလီမန် အောက်လွှတ်တော်ကို ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ယူကေဟာ အကြမ်းဖက် သမားတွေရဲ့ ပစ်မှတ် ထားတာကို ပိုခံလာရ မလား ဆိုတဲ့ အချက်ကိုလည်း ဒေးဗစ်ကင်မရွန်းက ငြင်းဆိုခဲ့ပြီး၊ ယူကေဟာ IS အတွက် ပစ်မှတ် ဖြစ်ပြီးသား ဖြစ်ကြောင်း၊ ဒါကို ဖြေရှင်းဖို့က အရေးယူ ဆောင်ရွက်ရမယ့် နည်းလမ်းသာ ရှိကြောင်း သူက ပြောပါတယ်။

IS အဖွဲ့ကို တခြားနိုင်ငံတွေ တိုက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပြီး ဗြိတိန်ကတော့ မတိုက်ဘဲ ဘေးထွက် နေခဲ့တာဟာလည်း ကျင့်ဝတ်ပိုင်း အရ မှားယွင်း နေခဲ့တယ်လို့ ဒေးဗစ် ကင်မရွန်းက အောက်လွှတ်တော်ကို ပြောပါတယ်။

ပဲရစ် တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ပြီးတဲ့ ဒီလိုအချိန်မှာမှ IS ကို မတိုက်သေးဘူး ဆိုရင် ဘယ်လိုအချိန်မှ တိုက်မှာလဲ ဆိုတာ မဟာမိတ်တွေက မေးကြလိမ့်မယ် လို့လည်း မစ္စတာ ကင်မရွန်းက ပြောပါတယ်။

အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျရမီ ကော်ဘင်ကတော့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဖြစ်ခဲ့မယ် ဆိုရင်လည်း ဂျီဟတ် ဝါဒီတွေရဲ့ အန္တရာယ် လျော့ကျသွားဖို့ ဆိုတာ မသေချာခဲ့ကြောင်း ပြောပါတယ်။

ပါလီမန် မဲခွဲ ဆုံးဖြတ်ချက်ကိုတော့ လာမယ့် သီတင်းပတ် အတွင်းမှာ ပြုလုပ်ဖို့ ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

အခုလ အစောပိုင်းကတော့ ပါလီမန် ကော်မီတီ တစ်ခုက နိုင်ငံတကာ ပါဝင်တဲ့ စစ်ရေး မဟာဗျူဟာ မရှိဘဲနဲ့ ဆီးရီးယားထဲမှာ ဗြိတိန်ရဲ့ စစ်ရေး ဆောင်ရွက်ချက် တွေကို ထပ်တိုး မလုပ်သင့်ဘူးလို့ သတိပေးခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ