ဘီဘီစီ အမျိုးသမီး တရာ အစီအစဉ် ဆင်နွှဲ

  • 1 ဒီဇင်ဘာ 2015
women
Image caption အမျိုးသမီးတွေ ကို လူမှု အသိုင်းအဝိုင်းက ဖိအားပေး

ဘီဘီစီက အမျိုးသမီး တရာ အစီအစဉ် ကို တတိယနှစ် အဖြစ် ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ ဆင်နွှဲနေပါတယ်။

အရင်နှစ်တွေတုန်းက လန်ဒန်မှာ အစည်းအဝေးတွေ ခေါ်ယူ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ကမ္ဘာအရပ်ရပ်က အမျိုးသမီးတွေနဲ့ ဂူဂယ် ဟန်းအောက် ခေါ်တဲ့ အင်တာနက်ကနေ ဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘာ အရပ်ရပ်မှာ အမျိုးသမီးရေး ဆွေးနွေးပွဲ ၁၅ဝ ကျော် ကျင်းပပြီး အမျိုးသမီးတွေ ကို လူမှု အသိုင်းအဝိုင်းက လက်ခံတဲ့ ထုံးစံ ပုံစံခွက်တွေထဲ မှာ လိုက်လျော ညီထွေ ဖြစ်အောင် ဖိအားပေးတာတွေ ခံနေရသလား ဆိုတာ ဒီကနေ့ ဆွေးနွေး နေကြပါတယ်။

စပိန် က အမျိုးသမီးတွေကတော့ သူတို့ဟာ အင်မတန် စီးပွားရေး ဆန်တဲ့ ယဉ်ကျေးမှု လွှမ်းမိုးမှု အောက်မှာ ရောင်းကုန် တခုသဖွယ် သဘောထား ခံနေရတယ် လို့ ဆိုပါတယ်။

အမေရိကန် လော့အန်းစ်ဂျလိစ် မြို့က အမျိုးသမီး တွေကတော့ အလှအပက အမျိုးသမီးတွေကို ကူညီ နိုင်ပေမယ့် ဒါကို အထောက်အပံ့ ပြုနိုင်ဖို့ သူတို့ကိုယ်တိုင်နှိုက်က ပညာ အရည်အချင်းတွေ ရှိဖို့ လိုသေးတယ် လို့လည်း ဆိုပါတယ်။

ဒီအချိန်မှာပဲ ဖွံ့ဖြိုးဆဲ နိုင်ငံကြီး တခု ဖြစ်တဲ့ မြန်မာ ပြည်ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ သတိုးသမီး တွေကို ကျွဲနွား တိရိစ္ဆာန်လို သဘောထားကြဆဲ ရှိသေးကြောင်း အိန္ဒိယ တောင်ပိုင်း ဘန်ဂလို မြို့က အမျိုးသမီးတွေ က ရင်ဖွင့်ခဲ့ကြပါတယ်။

ယူထားတဲ့ မိန်းမတွေကို ဝလာရင် ယောက်ျားတွေက အနိုင်ကျင့် နှိပ်စက်တာတွေ ရှိတယ် လို့လည်း သူတို့က ထောက်ပြ ပါတယ်။

ဗြိတိန်က ၁၇ နှစ် သမီး အထက်တန်း ကျောင်းသူ လေး Jessy McCabe ကတော့ တက္ကသိုလ်ဝင်တန်း GCE A level ဂီတ သင်ရိုး မှာ အမျိုးသမီး တေးပြု စာဆိုတွေရဲ့ လက်ရာတွေကိုထည့်သွင်း မထားတဲ့ အကြောင်း ကန့်ကွက် ခဲ့ပါတယ်။ ဒီအတွက် သူ့ကို သင်ရိုး ရေးဆွဲရေး အဖွဲ့က ဆက်သွယ်ပြီး နောက်နှစ် သူတို့ သင်ရိုးမှာ ပြုပြင်ပြီး အမျိုးသမီး စာဆိုတွေ အကြောင်း ထည့်သွင်း ပေးပါ့မယ်လို့ တောင်းပန် ခဲ့ကြောင်း ဂျက်ဆီက ပြောပါတယ်။

ဘာကြောင့် မိန်းမတွေကို သင်ရိုးက ချန်ခဲ့တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း အကြောင်းပြချက် မပေးခဲ့ဘူးလို့ သိရပါတယ်။

ပိုလန်မှာတော့ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ မျိုးပွား မှု ကိစ္စမှာ အခွင့်အရေး တန်းတူ မျှတမှု ရှိအောင် ပေးပါလို့ တောင်းဆို ခဲ့ကြပါတယ်။

လက်ရှိ ပိုလန် ဥပဒေတွေမှာ အမျိုးသမီးတွေ သူတို့ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ဆုံးဖြတ်ခွင့်ရဖို့ ကန့်သတ် ချုပ်ချယ်မှုတွေ သိပ်များလွန်းနေပြီး သန္ဓေတားဆီးဖို့ကလည်း အကုန်အကျ များလွန်းတယ်၊ ဆရာဝန်တွေကလည်း ဒါကို လုပ်ပေးဖို့ ငြင်းဆန်ကြတယ် လို့ သူတို့က ဆိုပါတယ်။

ဒီကနေ့ ဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဉ် တွေထဲမှာ အမျိုးသမီးတွေကို လေးလေးနက်နက် လက်ခံ စဉ်းစားလာဖို့ အမျိုးသား တွေရဲ့ အမူအကျင့်တွေကို တုပဖို့ လိုသလား ၊ အမျိုးသမီးတွေ အောင်မြင်မှုအတွက် ဘာလိုအပ်သလဲ စတာတွေ ဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာ နိုင်ငံက အမျိုးသမီးရေး လှုပ်ရှားနေတဲ့ မင်းသမီး အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ကတော့ မြန်မာ လူ့အဖွဲ့အစည်းမှာ အမျိုးသား လွှမ်းမိုးမှုတွေ ရှိပြီး သူက ဒါကို ဆန့်ကျင်တယ်၊ ယောက်ျားတွေ ကြိုက်ဖို့ သူ့ဘဝ ပုံစံကို ပြုပြင်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အမျိုးသမီးတွေကို အိမ်တွင်း စက်ရုပ်တွေလို သဘောမထားကြဖို့ ရန်ကုန်က ကို ဇော်သက်ထွန်းက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ