အမေရိကန်က အီရတ်မှာ အထူးတပ်ဖွဲ့တိုးဖို့ရှိ

  • 2 ဒီဇင်ဘာ 2015
_syria_us_strike_ ဓာတ်ပုံ မူပိုင် EPA
Image caption IS ပစ်မှတ်များ ကို လေကြောင်းတိုက်ခိုက်မှုပြု

အီရတ် နဲ့ ဆီးရီးယား မှာ တပ်စွဲထားတဲ့ အမေရိကန် အထူးတပ်ဖွဲ့တွေ ရဲ့ အခန်းကဏ္ဍ ကို တိုးချဲ့ တော့မယ့် အကြောင်း အမေရိကန် ကာကွယ်ရေး ဌာနဝန်ကြီး အက်ရှ်ကာတာ က ဒီဇင်ဘာလ တစ်ရက်နေ့ က ထုတ်ဖေါ် ပြောပါတယ်။ အထူးတပ်ဖွဲ့ တွေ ယူမယ့် တာဝန် နဲ့ ပတ်သက် လို့ ဝန်ကြီး ကာတာ က ဆက်ရှင်းပြရာမှာ ဒီ အထူး တပ်ဖွဲ့ဝင် တွေ ဟာ ရှောင်တခင် ဝင်ရောက် စီးနင်းမှုတွေ ဖမ်းထားတဲ့ ဓါးစာခံ တွေ လွတ်မြောက်ဖို့ အရေး နဲ့ အိုင်အက်စ် ခေါင်းဆောင်တွေ ကို ဖမ်းမိအောင် ထောက်လှမ်းရေး သတင်း အချက်အလက် တွေ ရယူ စုဆောင်း ကြမယ့် တာဝန် ကို ယူကြမှာပါ။

ဒီ တာဝန် တွေ ဆောင်ရွက်တဲ့ နေရာမှာ ဆီးရီးယားနိုင်ငံ ဘက်မှာ အမေရိကန် စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေး သက်သက် ဆင်နွှဲ မှာပါ။ ဒါမှသာ ပစ်မှတ်တိတိကျကျ ကို အချိန်ကိုက် အရေးယူ ဆောင်ရွက် နိုင်မယ့် အကြောင်း ပြောတာပါ။ ဒီစစ်ဆင်ရေးတွေ အရ ဆီးရီးယား နဲ့ အီရတ် မှာ လှုပ်ရှားနေတဲ့ အိုင်အက်စ် တပ်ဖွဲ့တွေ ကို ခြေမှုန်းနိုင်မယ့် အကြောင်း၊ အီရတ် အစိုးရ တပ်ဖွဲ့တွေ နဲ့ ကားဒစ်ရှ် ပက်ရှ်မာဂါး တပ်တွေ ကို စစ်ကူပေးမယ့် အကြောင်းလည်း မစ္စတာ ကာတာ က ပြောပါတယ်။

အိုင်အက်စ် တပ်တွေ ကလည်း၂၀၁၄ ခု နှစ် နွေရာသီ ကတည်း က အီရတ် နဲ့ ဆီးရီးယား နယ်မြေ အတော် များများ ကို သိမ်းပိုက်ထားတာပါ။ ဒါကြောင့်မို့ အမေရိကန် ဦးဆောင်ပြီး နိုင်ငံ ပေါင်း ၆၅ နိုင်ငံ ဟာ အီရတ် နဲ့ ဆီးရီးယား နိုင်ငံတွေ ဘက်မှာ စစ်ဆင် နေရတာပါ။

အမေရိကန် အထူးတပ်ဖွဲ့တွေ ရဲ့ စစ်ဆင်ရေးတွေ ကြောင့် ဆီးရီးယားနိုင်ငံ အရှေ့ဘက် မှာ အိုင်အက်စ် ရဲ့ အရေးပါတဲ့ ရေနံ သူဌေး အဘူဆာယက်ဖ် ကို သုတ်သင်နိုင်ခဲ့ တဲ့ အပြင် အီရတ် မှ ကာရ်ကွတ်မြို့ အနီးရှိ အိုင်အက်စ် တို့ သိမ်းပိုက်ထားတဲ့ ဟာဝီဂျာ မြို့ က ဓါးစာခံ အကျဉ်းသား တွေ ကို လွှတ်ပေးနိုင်ခဲ့ပါတယ်။

သမ္မတ အိုဘားမား ကလည်း ရုရှ အနေနဲ့ သမ္မတ အာဆတ် ကို ဆန့်ကျင်တဲ့ ဆီးရီးယား အတိုက်အခံ အင်အားစု ကို တိုက်ပေး နေမယ့် အစား အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ နဲ့ ပူးပေါင်းပြီး ဘုံရန်သူ အိုင်အက်စ် ကို တိုက်သင့်တဲ့ အကြောင်း ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။