FIFA က နောက်ထပ် အရာရှိတွေကို အမေရိကန် တရားစွဲ

  • 4 ဒီဇင်ဘာ 2015
oretta_lynch ဓာတ်ပုံ မူပိုင် AP
Image caption ယုံကြည်မှု အပေါ် အလွဲသုံးစားလုပ် ချိုးဖောက်မှုတွေ ဟာ အဆိုးဆုံးပဲလို့ မစ္စ လင့်ချ် က ဆိုပါတယ်။

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA မှာ ဖြစ်ပေါ် နေတဲ့ အကျင့်ပျက် ခြစားမှု တွေ အပေါ် စုံစမ်း စစ်ဆေး နေတာ ကနေ FIFA အရာရှိ နောက်ထပ် ၁၆ ယောက်ကို ရာဇဝတ်မှု ပုဒ်မ တွေ တပ် ပြီး တရားစွဲဆို လိုက်တယ် လို့ အမေရိကန် ရှေ့နေချုပ် လော်ရက်တာ လင့်ချ် က ကြေညာ ခဲ့ ပါတယ်။

ဇူးရစ်မြို့မှာ FIFA ဒုဥက္ကဌ နှစ်ယောက် ကို ဖမ်းဆီး လိုက်ပြီး နာရီ အနည်းငယ် အကြာ မှာပဲ အခုလို နောက်ထပ် FIFA အရာရှိတွေကို ရာဇဝတ်မှု စွဲချက် တွေ နဲ့ စွဲဆို လိုက်တာ ဖြစ်ပါတယ်။

အဲဒီ့ ၁၆ ယောက် ထဲမှာ FIFA ရဲ့ လက်ရှိ အလုပ်အမှုဆောင် တွေ၊ အလုပ်အမှုဆောင် ဖြစ်ခဲ့ ဖူးသူတွေ ပါဝင် နေတယ် လို့ ဆိုပါတယ်။

အမေရိက အလယ်ပိုင်းနဲ့ တောင် အမေရိက နိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ၊ ချစ်ကြည်ရေး ပွဲတွေ၊ ကလပ်အသင်း ပွဲတွေမှာ တာဝန်ရှိ ပုဂ္ဂိုလ် အတော်များများ လာဘ်ငွေ ယူခဲ့ကြတယ် ဆိုတဲ့ အမှုပေါင်း ၉၂မှုလောက်ကို စစ်ဆေး တွေ့ခဲ့ရပြီး အခုအဲဒီ ပုဂ္ဂိုလ် ၁၆ ဦးဟာ ငွေကြေးခဝါချမှု၊ တရားမဝင်လုပ်ငန်းတွေ လုပ်ခဲ့မှုတွေ အတွက် စွဲချက် တင် ခံခဲ့ ရတာ ဖြစ်ပါတယ်။

အစောပိုင်း တုန်းကတော့ FIFA အဖွဲ့ ပြုပြင် ပြောင်းလဲရေး အတွက် ဘာတွေ လုပ်ဆောင် ကြမလဲ ဆိုတဲ့ အကြံပြုချက် တွေ အပေါ် FIFA အမှုဆောင် ကော်မတီ က သဘောတူ ခဲ့ ပါတယ်။

လုပ်ဆောင် ကြမယ် ဆိုတဲ့ အထဲမှာ ရရှိနေတဲ့ လစာတွေ ကို ထုတ်ဖော် ကြေညာ တာတွေ အပါအဝင်၊ ထိပ်တန်း ရာထူး နေရာ တွေ အတွက်ဆို သက်တမ်း အကန့်အသတ် ထားရှိ မှာမျိုး ၊ လုပ်ပိုင်ခွင့် အာဏာတွေ လျှော့ချ တာမျိုး တွေ လုပ်ဆောင် မယ်လို့ ဆိုပါတယ်။

အဲဒီ့ အကြံပြုချက် တွေ အတည်ပြု နိုင်အောင် လာမယ့်နှစ် ဖေဖေါ်ဝါရီ လထဲမှာ ကျင်းပဖို့ ရှိတဲ့ FIFA ရဲ့ ကွန်ဂရက်စ် အစည်းဝေး ကြရင် တင်သွင်း မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ၃၂ နိုင်ငံ ကနေ နိုင်ငံ ၄၀ အထိ ဝင်ရောက် ခွင့် ပေးဖို့ ဆုံးဖြတ် ချက်ကိုလည်း ရွှေ့ဆိုင်း လိုက်ပြီး လေ့လာမှု တွေ ထပ်မံ ပြုလုပ် ဦးမယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ