ရုရှားတွေကို တိုက်ဖို့ IS တွေ ထိုင်းနိုင်ငံထဲ ဝင်လာ

  • 4 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption IS အဖွဲ့သား ၁၀ ဦး ထိုင်းမှာ ရှိနေသလား ဆိုတာ အတည်ပြုဖို့ လိုသေးတယ်လို့ ထိုင်းရဲက ပြော။

ထိုင်း နိုင်ငံကို အလည်ရောက် နေတဲ့ ရုရှားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဆီးရီးယားက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့သား ၁၀ ယောက် အောက်တိုဘာလမှာ ထိုင်းနိုင်ငံထဲ ဝင်ရောက် ခဲ့ကြတယ်လို့ ရုရှားက သတိပေးခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်း ရဲတပ်ဖွဲ့ကနေ ပေါက်ကြားလာတဲ့ ရဲမှတ်တမ်းအရ အဲဒီ ဆီးရီးယား ၁၀ ဦး ဝင်လာတယ် ဆိုတဲ့ သတင်းကို ရုရှား ထောက်လှမ်းရေး အေဂျင်စီကနေ ရခဲ့တာလို့ ဆိုပါတယ်။

သူတို့ထဲက ၆ ဦးက ရုရှား ဧည့်သည်တွေ အသွားအလာများတဲ့ ပတ္တယားနဲ့ ဖူးခက် ကမ်းခြေတွေဆီကို သွားခဲ့ပြီး၊ ၂ ဦးကတော့ ဘန်ကောက်မှာ ရှိနေကာ၊ ကျန် ၂ ဦးကတော့ သွားတဲ့ နေရာ မသိရဘူးလို့ အဲဒီ ရဲမှတ်တမ်းက ဆိုပါတယ်။

၂၀၁၃ ခုနှစ် ထဲမှာ ထိုင်းနိုင်ငံကို လာရောက်တဲ့ ရုရှား ဧည့်သည် အရေအတွက် တစ်သန်းခွဲကျော် ရှိပါတယ်။

ထိုင်း ရဲတပ်ဖွဲ့ကတော့ အဲဒီ လူ ၁၀ ဦး ရောက်နေတယ် ဆိုတာကို သူတို့ အတည် မပြုနိုင်ခဲ့ကြောင်း ပြောခဲ့ပြီး မစိုးရိမ်ကြဖို့လည်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားက ဆီးရီးယားမှာ ရှိတဲ့ IS တွေ အပေါ် စက်တင်ဘာလ အကုန်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ စတင် ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ လထဲမှာ ရုရှား ခရီးသည်တင် လေယာဉ်တစီး IS အဖွဲ့ခွဲ တစ်ခုရဲ့ လက်ချက်နဲ့ ဆိုင်းနိုင်းကျွန်းပေါ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် ပါသူ လူ ၂၂၄ ယောက် သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ