မီးခိုးမြူကြောင့် ဘေဂျင်းမှာ အနီ သတိပေးချက်ထုတ်

  • 7 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဘေဂျင်းမြို့မှာ မီးခိုးမြူတွေကြောင့် မီတာ ၂၀၀ လောက် အထိပဲ မြင်နိုင်စွမ်း ရှိတယ်လို့ ဆို။

တရုတ် နိုင်ငံ၊ ဘေဂျင်း မြို့တော်မှာ လာမယ့် အင်္ဂါနေ့ ကနေ ကြာသပတေးနေ့ အထိ မီးခိုးမြူ ဖုံးလွှမ်းမှု ပမာဏ မြင့်မားဖို့ ရှိတဲ့ အတွက် အနီရောင် အဆင့် သတိပေးချက်ကို ထုတ်ပြန် လိုက်ပါတယ်။

အခု ထုတ်ပြန်ချက်က အမြင့်ဆုံး သတိပေးချက် ဖြစ်ပြီး အရင်က ဘေဂျင်းမှာ အခုလို ထုတ်ပြန် ခဲ့ဖူးခြင်း မရှိဘူးလို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

စာသင်ကျောင်းတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ပိတ်ထားဖို့လည်း မြို့တော် အရာရှိတွေက တိုက်တွန်း ထားတယ်လို့ ဆိုပါတယ်။

မြို့ထဲက မော်တော်ယာဉ် ထက်ဝက်ခန့် ကိုလည်း အသုံးမပြုဖို့ ကန့်သတ်ချက်တွေ ထုတ်ထား ပါတယ်။

ကမ္ဘာပေါ်က လေထု ညစ်ညမ်းစေတဲ့ နိုင်ငံတွေထဲမှာ အကြီးဆုံး ဖြစ်တဲ့ တရုတ်က ပဲရစ်မြို့မှာ ပြုလုပ်တဲ့ ကာဗွန် ထုတ်လွှတ်မှု ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်နေစဉ် အခုလို သတိပေးချက် ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

ဘေဂျင်းမြို့မှာ လက်ရှိ ဖုံးလွှမ်းနေတဲ့ မီးခိုးမြူ ပမာဏက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရှိခဲ့တဲ့ ပမာဏလောက် မများပေမယ့် နောက်ရက်ပိုင်း အတွင်း ရှိလာမယ့် အလားအလာအတွက် အခုလို အနီရောင် သတိပေးချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။

ကျောက်မီးသွေး သုံးတဲ့ စက်မှု လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေက ထွက်တဲ့ ဖုန်မှုန့်တွေနဲ့ ကား အိတ်ဇောငွေ့ တွေကြောင့် တရုတ် နိုင်ငံရဲ့ မြို့ကြီး အများစုမှာ မီးခိုးမြူတွေ ဖုံးလွှမ်းပြီး လေထု ညစ်ညမ်းမှု ပြဿနာတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ