မွတ်ဆလင်တွေကို ပိတ်ဖို့ Trump ရဲ့အပြော ဝေဖန်ခံရ

  • 8 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption မွတ်ဆလင်တွေကို အမေရိကန်ထဲ ဝင်ခွင့် လုံးဝ ပိတ်ဖို့ တိုက်တွန်းတယ်လို့ မစ္စတာ Trump က ပြော။

အမေရိကန် နိုင်ငံမှာ ရီပတ်ဘလီကန် ပါတီရဲ့ သမ္မတလောင်း ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ Donald Trump က မွတ်ဆလင်တွေကို အမေရိကန်ထဲ ဝင်ခွင့် မပေးဘဲ တားမြစ် သင့်တယ်လို့ ပြောဆို လိုက်တဲ့အတွက် နိုင်ငံရေး အမြင်ချင်း မတူသူတွေရဲ့ ရှုတ်ချ ဝေဖန်မှုတွေ ပေါ်ထွက် လာခဲ့ ပါတယ်။

မွတ်ဆလင် အတော်များများမှာ အမေရိကန်ကို မုန်းတီးစိတ်တွေ ကိန်းအောင်းနေပြီး ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ အမေရိကန် အာဏာပိုင်တွေ နားလည် သဘောပေါက် နိုင်တဲ့ အချိန်အထိ အမေရိကန် ပြည်သူတွေကို အန္တရာယ်ကနေ အကာအကွယ် ပေးဖို့ လိုတယ်လို့ Donald Trump က ပြောခဲ့ ပါတယ်။

အိမ်ဖြူတော်ကတော့ Donald Trump ရဲ့ စကားဟာ အမေရိကန်ရဲ့ စံနှုန်း တန်ဖိုးတွေနဲ့ ကွဲလွဲနေတယ်လို့ ပြောပါတယ်။

ရီပတ်ဘလစ်ကန် ပါတီကပဲ သူ့ပြိုင်ဖက် Jeb Bush ကလည်း ဒါဟာ စိတ်မမှန်သူ ပြောတဲ့ ပုံမျိုးလို့ ပြောပါတယ်။

အမေရိကန် အစ္စလာမ် ဆက်ဆံရေး ကောင်စီက Nihad Awad ကလည်း မစ္စတာ Trump ရဲ့ ပြောဆိုမှုဟာ ပြဿနာ ဖန်တီးတဲ့ အဓိကရုဏ်း ခေါင်းဆောင် လေသံနဲ့ တူနေတယ်လို့ ဝေဖန် ပြောဆို ခဲ့ပါတယ်။

ကာလီဖိုးနီးယား ပြည်နယ်မှာ မွတ်ဆလင် ဇနီးမောင်နှံရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့ပြီး ရက်ပိုင်း အကြာမှာ အခုလို မစ္စတာ Trump ရဲ့ ပြောဆိုမှု ပေါ်ထွက် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ