ပစ္စတိုးရီးယပ်စ်ကို ပြစ်ဒဏ် မချမီ အာမခံနဲ့ လွှတ်ပေး

  • 8 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လူသတ်မှုနဲ့ အပြစ်ရှိတယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို အယူခံ ထပ်ဝင်သွားမယ်လို့ သူ့ရှေ့နေက ပြော။

အမျိုးသမီး သူငယ်ချင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ တောင်အာဖရိက မသန်စွမ်း အိုလံပစ် ကစားသမား အော်စကာ ပစ္စတိုးရီးယပ်စ်ရဲ့ အမှုအတွက် ပြစ်ဒဏ် ခံယူဖို့ စောင့်နေစဉ် ကာလအတွင်းမှာ တရားရုံးက သူ့ကို အာမခံနဲ့ လွှတ်ပေး လိုက်ပါတယ်။

ပစ္စတိုးရီးယပ်စ်ကို အစောပိုင်းက လူသေစေမှု နဲ့သာ ပြစ်ဒဏ် ချခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ လူသတ်မှု အဖြစ် တရားသူကြီးတွေက ပြောင်းလဲ ဆုံးဖြတ် ခဲ့တာပါ။ အစောပိုင်းက ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၅နှစ် ပြစ်ဒဏ်အနက် ၁ နှစ်ကိုလည်း ပစ္စတိုးရီးယပ်စ် ကျခံပြီး ဖြစ်ပါတယ်။

လူသတ်မှု ပြစ်ဒဏ်ကို ၂၀၁၆ ဧပြီ ၁၈ ရက်နေ့ ကြာနာမှု အပြီးမှာ ချမှတ်ဖို့ ရှိပြီး အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ် အထိ ကျခံရဖွယ် ရှိပါတယ်။

ပစ္စတိုးရီးယပ်စ်ရဲ့ ရှေ့နေက သူ့အမှုကို ဖွဲ့စည်းပုံ တရားရုံးမှာပါ အသနားခံ လျှောက်လဲသွားမယ်လို့ ပြောပါတယ်။

ဒါကြောင့် သူ့အပေါ် ပြစ်ဒဏ် ချမှတ်မယ့် အချိန်က လနဲ့ချီ နှောင့်နှေး သွားနိုင်ဖွယ် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ