ဆီးရီးယား အတိုက်အခံတွေ ဆော်ဒီမှာ ညှိနှိုင်းမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား သူပုန် အုပ်စုခွဲတွေထဲမှာ အင်အား အတောင့်ဆုံး ဖြစ်တဲ့ Jaysh al-Islam ရဲ့ ကိုယ်စားလှယ်တွေလည်း ဆွေးနွေးမှုမှာ ပါဝင်။

ဆီးရီးယား အစိုးရကို တိုက်ခိုက် နေကြတဲ့ အတိုက်အခံ အဖွဲ့ခွဲတွေဟာ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆီ ဦးတည်သွားနိုင်မယ့် ညီလာခံကို တက်ရောက်ဖို့ အတွက် ဆော်ဒီ အာရေဗျ နိုင်ငံကို ရောက်ရှိ နေကြပါတယ်။

အကွဲကွဲ အလွဲလွဲ ဖြစ်နေတဲ့ ဆီးရီးယား အတိုက်အခံ အဖွဲ့ခွဲတွေရဲ့ ကိုယ်စားလှယ်တွေဟာ ရီယတ်မြို့မှာ ပြုလုပ်မယ့် ညီလာခံမှာ ဘုံရပ်တည်ချက် တစ်ခုကို ရရှိဖို့ ကြိုးပမ်းကြမှာ ဖြစ်ပြီး အဲဒီက တစ်ဆင့် ဆီးရီးယား သမ္မတ အာဆတ် အစိုးရနဲ့ ညှိနှိုင်းမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။

အဓိက သူပုန် အတိုက်အခံ အဖွဲ့တွေ အများစု ပါဝင်ပြီး ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အခုလို တွေ့ဆုံမှုဟာ ဆီးရီးယား ပြည်တွင်းစစ် စတင်ပြီး နောက်ပိုင်းမှာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ အတွက် အကြို ဆွေးနွေးမှုတွေ ကိုလည်း စတင်နေပြီ ဖြစ်ပါတယ်။

အတိုက်အခံ ညွန့်ပေါင်း ကိုယ်စားလှယ်တွေနဲ့ ဆီးရီးယား အစိုးရ တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို လာမယ့် လအတွင်းမှာ စတင်ဖို့ အင်အားကြီး နိုင်ငံတွေက ဆန္ဒရှိကြတာပါ။

၄ နှစ်ခွဲ ကြာခဲ့တဲ့ ဆီးရီးယား ပဋိပက္ခကို နိုင်ငံရေး နည်းအရ ဖြေရှင်းနိုင်မယ် ဆိုရင် ဆီးရီးယားမှာ ကိုယ့်နည်းနဲ့ကိုယ် ထူထောင်ထားတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကိုလည်း ချေမှုန်း နိုင်လိမ့်မယ်လို့ အင်အားကြီး နိုင်ငံတွေက ရှုမြင် ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ