ပဲရစ် ဂီတပွဲရုံ တိုက်ခိုက်ခဲ့သူ အားလုံးကို ဖော်ထုတ်နိုင်

  • 9 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption Foued Mohamed-Aggad ဟာ ဆီးရီးယားကို ၂၀၁၃ ခုနှစ်က သွားရောက်ခဲ့တယ်လို့ ယုံကြည်ရ။

ပဲရစ်မြို့ တိုက်ခိုက်မှုအတွင်း ဘတ္တာကလန် ဂီတပွဲရုံမှာ တိုက်ခိုက်ခဲ့သူ ၃ ဦးအနက် တတိယမြောက် တစ်ဦးကိုလည်း ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာ ပြင်သစ် ရဲတွေက ဖော်ထုတ် နိုင်ပြီလို့ ပြင်သစ် ဝန်ကြီးချုပ်က ပြောပါတယ်။

သူဟာ ၂၃ နှစ် အရွယ် ပြင်သစ် နိုင်ငံသား Foued Mohamed-Aggad ဆိုသူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က IS အဖွဲ့ထဲ ဝင်ရောက်ဖို့ ဆီးရီးယားကို သွားခဲ့သူ ဖြစ်တယ်လို့ ယုံကြည်ရ ပါတယ်။

ဘတ္တာကလန် ဂီတပွဲရုံ တိုက်ခိုက်မှုမှာ လူအယောက် ၉၀ သေဆုံး ခဲ့ပါတယ်။ အဲဒီ ဂီတပွဲရုံကို တိုက်ခိုက်သူ ၃ ဦးစလုံးဟာ ပြင်သစ် နိုင်ငံသားတွေ ဖြစ်ကြပြီး ကိုယ်မှာ ပတ်ထားတဲ့ ဗုံးတွေနဲ့ အသေခံ ဗုံးခွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က စုစုပေါင်း လူ ၁၃၀ သေဆုံးခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ တခြား သေနတ်သမားတွေ ဟာလည်း ပြင်သစ်မှာ ကြီးပြင်းခဲ့ကြတဲ့ ပြင်သစ်နိုင်ငံသားတွေနဲ့ ဘယ်လ်ဂျီယံ နိုင်ငံသားတွေ ဖြစ်တယ်လို့ ထုတ်ဖော် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Strasbourg မြို့သား Mohamed-Aggad ဟာ ယုံကြည်ချက် ပုံသွင်းခံရတဲ့ လူငယ် အဖွဲ့တစ်ခုထဲ အပါအဝင် ဖြစ်ပြီး ၂၀၁၃ ခုနှစ်က သူ့ ညီနဲ့ အတူ ဆီးရီးယားကို သွားရောက် ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

မနှစ်တုန်းကတော့ အဲဒီ အဖွဲ့ဝင် အချို့ ပြင်သစ်ကို ပြန်ဝင်လာချိန်မှာ ဖမ်းဆီးမိခဲ့ပေမယ့် Mohamed-Aggad ကတော့ ဆီးရီးယားမှာ နေရစ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဘတ္တာကလန် ဂီတပွဲရုံမှာ တိုက်ခိုက်ပြီး သတ်သေသွားတဲ့ တခြား ၂ ယောက်ကတော့ ပြင်သစ် နိုင်ငံသား ၂၉ နှစ် အရွယ် Omar Ismail Mostefai နဲ့ ၂၈ နှစ်အရွယ် Samy Amimour တို့ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ