ရှာဖွေဖမ်းဆီးဖို့ ဂျီနီဗာမှာ လုံခြုံရေး တင်းကျပ်

  • 10 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption လုံခြုံရေး တင်းကျပ်ခဲ့ပြီးနောက် လက်နက်ကိုင် ရဲတွေ ဂျီနီဗာမှာ လှည့်လည်နေ။

ပဲရစ်မြို့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဥရော တလွှား စုံစမ်း စစ်ဆေးမှုတွေ လုပ်နေရာမှာ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာ မြို့မှာ မသင်္ကာသူတွေကို ရှာဖွေဖို့ ရဲတပ်ဖွဲ့က လုံခြုံရေးတွေ တင်းကျပ် လိုက်ပါတယ်။

အကြမ်းဖက် သမားအဖြစ် သံသယရှိသူတွေ ဂျီနီဗာမှာ ရောက်နေတယ် ဆိုတဲ့ သတင်းကြောင့် အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆွစ်ဇာလန် ရဲတပ်ဖွဲ့က ပြောပါတယ်။

မသင်္ကာသူတွေကို ရှာဖွေ ဖမ်းဆီးဖို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူ ၁၃၀ သေဆုံးခဲ့ရတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ပဲရစ်မြို့ တိုက်ခိုက်မှုကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပဲရစ်မြို့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်တဲ့ အကြမ်းသမား ၂ ဦး ဆာလာ အက်ဘ်ဒီဆလမ် နဲ့ မိုဟာမက် အက်ဘရီနီ တို့ လွတ်မြောက် နေဆဲ ဖြစ်တဲ့အတွက် ဥရောပ နိုင်ငံတွေမှာ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင် နေပါတယ်။ အကြမ်းဖက် သမား တချို့ဟာလည်း ဒုက္ခသည်ယောင် ဆောင်ပြီး ပြင်သစ်ကို သွားရောက်ခဲ့တယ် ဆိုတာ ဖော်ထုတ် သိရှိခဲ့ကြပါတယ်။

အခု ရှာဖွေ ဖမ်းဆီးမယ့် မသင်္ကာသူတွေနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ အတိအကျ ဖော်ပြ မထားတဲ့အတွက် ပဲရစ်မြို့ တိုက်ခိုက်မှုနဲ့ ပတ်သက်မှု ရှိမရှိ မသိရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ