အိန္ဒိယ ပါကစ္စတန် ငြိမ်းချမ်းရေး ပြန်ဆွေးနွေးမယ်။

  • 10 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် THINKSTOCK
Image caption အိန္ဒိယနဲ့ ပါကစ္စတန် အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ၇နှစ်ကြာ ဆိုင်းငံ့ထား

အိန္ဒိယနဲ့ ပါကစ္စတန် အကြား နှစ်နဲ့ချီ ဆိုင်းငံ့ထားခဲ့တဲ့ ထိပ်တန်းအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အခုအခါ ပြန်လည် စတင်ဖို့ နှစ်ဘက် ခေါင်းဆောင် တွေ သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကို ပါကစ္စတန် သေနတ်သမားတွေက တိုက်ခိုက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၇နှစ်ကတည်းက နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းခဲ့တာပါ။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Sushma Swaraj နဲ့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Sartaj Aziz တို့ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘာ့ဒ်မြို့တော်မှာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်ကျင်းပဖို့ကို ထုတ်ဖော် ကြေညာလိုက်တာပါ။

နှစ်ဘက်အကြား ပိုင်နက် နယ်မြေ အငြင်းပွားနေကြတဲ့ ကက်ရှ်မီးယား ကိစ္စအရေးကို ဆွေးနွေးဖို့ ပါကစ္စတန်တို့ဘက်က လိုလားနေတာ ဖြစ်သလို အိန္ဒိယတို့ဘက်ကလည်း ပါကစ္စတန်နဲ့ အပြန်အလှန် ကုန်သွယ်မှုတွေ တိုးလုပ်နိုင်ဖို့နဲ့ ပါကစ္စတန်အစိုးရ တင်းကြပ်ထားတဲ့ ပြည်ဝင်ခွင့် ဗီဇာကို ဖြေလျှော့ပေးဖို့၊ တခါ အိန္ဒိယနဲ့ အာဖဂန်နစ္စတန် အကြား ကူးသန်းရောင်းဝယ်သူတွေကို ပါကစ္စတန် နိုင်ငံထဲကို ဖြတ်သန်းခွင့် ပြုဖို့ စတဲ့ အချက်တွေကို တောင်းဆိုချင်နေတာ ဖြစ်ပါတယ်။

အခု အခြေအနေဟာ ရှုပ်ထွေးနက်နဲတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုနိုင်ပြီး အရင် တွေ့ဆုံဆွေးနွေးမှုတွေ ဟာလည်း နှစ်ဘက် အကြား ယုံကြည်မှု မတည်ဆောက် နိုင်သေးတဲ့အတွက် အောင်မြင်မှု မရပဲ ပျက်ပြယ်ခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။

အနာဂါတ်မှာ ပိုထိရောက်တဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်နိုင်ရေးအတွက် လမ်းပြ မြေပုံတရပ် ရေးဆွဲနိုင်မယ် ဆိုရင်တော့ အောင်မြင်မှု ရနိုင်မှာ ဖြစ်ပြီး နှစ်ဘက်အကြား ကာလတာရှည် သဘောကွဲလွဲနေတဲ့ ကိစ္စရပ်အတော်များများမှာ တိုးတက် ဖြစ်ထွန်းမှုတွေ ရှိလာမှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် M Ilyas Khan သုံးသပ်ထားပါတယ်။