ရဝမ်ဒါ မျိုးတုံးသတ်ဖြတ်မှု တရားခံတစ်ဦးကို ဖမ်းမိ

  • 10 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် UN
Image caption ရဝမ်ဒါ မျိုးတုံး သတ်ဖြတ်မှုတွေ အတွက် အလိုရှိနေသူ ၉ ဦးထဲက တစ်ဦးဖြစ်။

ရဝမ်ဒါ နိုင်ငံမှာ ၁၉၉၄ ခုနှစ်က လူမျိုးတုံး သတ်ဖြတ်မှုတွေ အတွက် အဓိက လက်သည်အဖြစ် သံသယရှိသူ တစ်ဦးကို ရဝမ်ဒါ နိုင်ငံရဲ့ အိမ်နီးချင်း ကွန်ဂိုနိုင်ငံမှာ ဖမ်းမိ လိုက်တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

၅၃ နှစ်အရွယ် Ladislas Ntaganzwa ဆိုသူဟာ လူ ၈ သိန်း သေဆုံးခဲ့ရတဲ့ မျိုးတုံး သတ်ဖြတ်မှုတွေမှာ အစုအပြုံလိုက် အဓမ္မ ပြုကျင့်မှုတွေနဲ့ လူထောင်ချီ သတ်ဖြတ်မှုတွေကို စီစဉ်သူ ဖြစ်တယ်လို့ စွဲဆို ခံထားရတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းမိဖို့ အမေရိကန်က ဒေါ်လာ ၅ သိန်း ဆုငွေ ထုတ်ထား ခဲ့တာပါ။ သူဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ဆွပေးတဲ့ အဓိက လက်သည်တွေထဲက တစ်ယောက် ဖြစ်တယ်လို့ ဖော်ပြ ခဲ့ပါတယ်။

မစ္စတာ Ntaganzwa နဲ့ သူ့ ရှေ့နေတွေကတော့ အဲဒီ စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက် ပေးတာမျိုး မရှိသေးပါဘူး။

ရဝမ်ဒါ မျိုးတုံး သတ်ဖြတ်မှုတွေ အတွက် ကုလ သမဂ္ဂက အလိုရှိနေသူ ၉ ဦး ရှိပြီး သူက အဲဒီထဲက တစ်ဦး ဖြစ်ပါတယ်။ ကျန်တဲ့ လူတွေကတော့ လွတ်မြောက် နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ