ရာသီဥတုအရေး သဘောတူညီချက် ရလုနီးပြီလို့ဆို

  • 11 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်ဖို့ အရေး ဆွေးနွေးနေတဲ့ ပဲရစ် ထိပ်သီး ဆွေးနွေးပွဲမှာ နောက်ဆုံး သဘောတူညီချက်ကို ခန့်မှန်း ထားတာထက် တစ်ရက် နောက်ကျပြီး စနေနေ့မှာ အပြီးသတ် သဘောတူနိုင်ဖို့ ပါဝင် ဆွေးနွေးသူတွေက မျှော်မှန်း နေကြပါတယ်။

ထိပ်သီး ဆွေးနွေးပွဲရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က သူတို့ အပြီးသတ် နိုင်ဖို့ နီးနေပြီ လို့ ပြောပါတယ်။

ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အခု ညှိနှိုင်းမှုတွေဟာ အရှုပ်ထွေးဆုံး အခက်ခဲဆုံး ဖြစ်ပေမယ့် လူသားတွေ အတွက်တော့ အရေးအကြီးဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

စနေနေ့ မနက်မှာ သဘောတူချက် မူကြမ်းကို ထုတ်ပြန် နိုင်မှာ ဖြစ်ပြီး သေချာပေါက် အတည်ပြုနိုင်လိမ့်မယ်လို့ မစ္စတာ Fabius က ပဲရစ်မြို့မှာ သတင်းထောက် တွေကို ပြောပါတယ်။

ဆွေးနွေးပွဲမှာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ဖို့ ကာလရှည် မဟာဗျူဟာတွေ ချမှတ်နိုင်မယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် အတွက် နောက်ဆုံး အဆင့် ညှိနှိုင်းမှုတွေ လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ