ဆီးရီးယား အတိုက်အခံတွေ ငြိမ်းချမ်းရေး မူဘောင် သဘောတူ

  • 11 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား သူပုန်အဖွဲ့ အတော်များများ ပထမဆုံးအကြိမ် အဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါလာကြ

ဆီးရီးယား သမ္မတ ဘရှား အယ်လ် အားဆာ့တ်နဲ့ ဇန္နဝါရီလ အစောပိုင်း လောက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးကြမယ့် ဆီးရီးယား အတိုက်အခံ အုပ်စုတွေ၊ သူပုန်အဖွဲ့တွေက သူတို့ တောင်းဆိုကြမယ့် အခြေခံ မူဘောင် အချက်တွေကို ဆောင်ဒီ အာရေဗျနိုင်ငံ Riyadh မြို့ ညီလာခံမှာ တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။

သမ္မတ အားဆာ့တ်နဲ့ ဆွေးနွေးပွဲ အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရုရှားနဲ့ အီရန်တို့လို ပြင်ပ အင်အားကြီးနိုင်ငံတွေ ပါဝင်မယ့် နောက်ဆွေးနွေးပွဲတခုကိုလည်း အခုလကုန်ပိုင်းလောက်ကျရင် ကျင်းပဖို့ ရှိနေရာမှာ ဆီးရီးယား အတိုက်အခံ အုပ်စုတွေအကြား အခုလို တူညီတဲ့ အခြေခံ မူဘောင်တွေ ချနိုင်ခဲ့တာဟာ အမေရိကန်နဲ့ တခြားကမ္ဘာ့နိုင်ငံတွေ လိုလားတောင့်တနေတဲ့အတိုင်း ဖြစ်လာခဲ့တာပါ။

ဒါပေမယ့်လည်း အခြေအနေဟာ လျှောလျှောရှူရှူ ဖြစ်လာမယ်လို့ အတပ်မပြောနိုင်သေးပါဘူး။

ဒီမိုကရေစီကျပြီး အတူယှဉ်တွဲနေထိုင်နိုင်တဲ့ အားလုံးပါဝင်တဲ့ ဒီသဘောတူချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ အတိုက်အခံအုပ်စုတွေထဲက အတော်များများဟာ အစောပိုင်းတုန်းက ဆီးရီးယားမှာ အစ္စလာမစ် အစိုးရ အုပ်ချုပ်ဖို့ ကြိုးပမ်းခဲ့ကြသူတွေ ဖြစ်ပါတယ်။

အခု သဘောထား ပြောင်းကောင်း ပြောင်းလာပုံရပေမယ့် သတိတော့ ထားရအုံးမှာပါ။

အဲဒီထဲက အစွန်းရောက်ဆုံးနဲ့ သြဇာ အရှိဆုံး အဖွဲ့တဖွဲ့ဖြစ်တဲ့ Ahar al-Sham အဖွဲ့ဟာ al-Nusra Front အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ al-Qaeda အဖွဲ့နဲ့ နီးစပ်သူတွေ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကနေ အခုအခါ နှုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီ အဖွဲ့လိုပဲ သူပုန်အဖွဲ့ အတော်များများဟာလည်း ပြင်းထန်တဲ့ အစ္စလာမစ် ဝါဒီတွေ ဖြစ်ကြပါတယ်။

အစ္စလာမစ် လက်နက်ကိုင် သူပုန်အုပ်စုတွေကို ဆောင်ဒီ၊ ကာတာနဲ့ တူရကီနိုင်ငံတွေက ငွေကြေး ထောက်ပံ့ ကူညီနေတာ ဖြစ်တာမို့ တကယ်လို့ အဲဒီ နိုင်ငံတွေကသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါလာမယ် ဆိုရင်တော့ အင်အားကြီးတဲ့ သူပုန်အုပ်စုတွေလည်း အတူပါဝင်လာမှာ ဖြစ်ပါတယ်။

တခါ သမ္မတ အားဆာ့တ်ရဲ့အနာဂတ် ဘယ်လို ရှိမလဲဆိုတာအပေါ် အများကြီး မူတည်ဘွယ် ရှိပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့ အသွင်ကူးပြောင်းရေး ၆လတာကာလ မတိုင်ခင် သမ္မတ အားဆာ့တ်နဲ့ သူ့ရဲ့ အပေါင်းပါတွေ အာဏာ စွန့်လွှတ်ပေးရမယ် ဆိုတာကို ရီယာ့ဒ် ညီလာခံမှာရော ဆောင်ဒီ အာရေဗျနိုင်ငံနဲ့ တခြားနိုင်ငံတွေကပါ အခိုင်အမာ ပြောထားပြီး ဖြစ်ပါတယ်။

ဒီတော့ ဒီအချက်ကို အပေးအယူ မလုပ်နိုင်ဘူး ဆိုရင်တော့ အခြေအနေတွေ တမဟုတ်ချင်း ပျက်ပြားသွားနိုင်တယ်လို့ ဘီဘီစီ သတင်းထောက် Jim Muir က သုံးသပ်ထားပါတယ်။