ပဲရစ် ရာသီဥတု ညီလာခံ သဘောတူညီမှု ရရှိ

  • 12 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption မူကြမ်း သဘောတူညီမှု ရပြီလို့ ပြင်သစ် တာဝန်ရှိသူတွေပြော

ပဲရစ်မှာ ကျင်းပ နေတဲ့ ရာသီဥတု ပြုပြင် ပြောင်းလဲ ရေး ဆိုင်ရာ ညီလာခံ ကြီးရဲ့ ဥပဒေ မူကြမ်းကို သဘောတူညီမှု ရရှိ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြင်သစ် နိုင်ငံ တာဝန် ရှိသူ တွေက ပြောကြား လိုက်ပါတယ်။

ရက် သတ္တပါတ် ၂ ပါတ်ကြာ အပြင်းအထန် ဆွေးနွေး ညှိနှိုင်းကြပြီး နောက်မှာ ဥပဒေ မူကြမ်း အတွက် အခုလို သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ညှိနှိုင်းရေးမှူးတွေ သဘောတူညီမှု ရခဲ့တဲ့ ဥပဒေ မူကြမ်းရဲ့ အသေးစိတ် အချက်အလက် တွေကို လောလောဆယ်မှာ မထုတ် ပြန်သေးပေမယ့် မကြာခင် ထုတ်ပြန် နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီကနေ့ နှောင်းပိုင်းမှာ ရာသီ ဥတု ပြုပြင်ရေး ဆိုင်ရာ သဘောတူညီချက် မူကြမ်း အတည်ပြုဖို့ အတွက် နိုင်ငံပေါင်း ၁၉၀ က ကိုယ်စားလှယ်တွေနဲ့ အတူ ဆွေးနွေးမယ့် အစည်းအဝေး ပွဲကို ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်းဟာ တက်ရောက်မှာ ဖြစ်ပါတယ်။

ဥပဒေ မူကြမ်းကို ကုလသမဂ္ဂ အဖွဲ့ကြီးက ဦးဆောင်ပြီး ကမ္ဘာ့ နိုင်ငံ အသီးသီး အတွက် ဘာသာစကား ပေါင်း အတော်များများ ကိုလည်း ပြန်ဆို မှာ ဖြစ်ပါတယ်။

အဆိုပါ သဘောတူညီချက် ရရှိခဲ့တဲ့ ဥပဒေမူကြမ်း သာ အတည်ပြု နိုင်ခဲ့ရင် ကာဗွန်ဒိုင် အောက်ဆိုက် ဓါတ်ငွေ့ ထုတ်လွှတ်မှု လျော့ချရေး အတွက် ကမ္ဘာ့ ပထမဦးဆုံး ဥပဒေ အတည်ပြု ပြဌာန်းချက် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ