ရွှေ့ပြောင်းသူအရေးက သမိုင်းဝင် စမ်းသပ်ချက်လို့ဆို

  • 14 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၅ အတွင်း ဂျာမနီကို ဝင်ရောက်တဲ့ ရွှေ့ပြောင်းသူ အရေအတွက် ၁ သန်း ဝန်းကျင် ရှိနေ။

ရွှေ့ပြောင်း ဝင်ရောက်သူတွေ အရေးဟာ ဥရောပအတွက် သမိုင်းဝင်မယ့် စမ်းသပ်ချက် တစ်ခု ဖြစ်တယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ် က ပြောလိုက်ပါတယ်။

သူ့ရဲ့ CDU ပါတီ နှစ်ပတ်လည် ညီလာခံမှာ အန်ဂျလာ မာ့ကဲလ် က ရွှေ့ပြောင်းသူတွေ အပေါ် ထားရှိတဲ့ သူ့ရဲ့ ပေါ်လစီကို ခုခံ ပြောဆိုရာမှာ ဂျာမနီ အနေနဲ့ လူသားချင်း စာနာမှု ဆိုင်ရာ တာဝန် ဝတ္တရားတွေကို ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့် ဂျာမနီထဲ ဝင်လာနေတဲ့ ရွှေ့ပြောင်းသူ အရေအတွက်ကို လျှော့ချသွားမယ် လို့တော့ ပြောသွားပါတယ်။ အဲဒီလို လျှော့ချဖို့ သူ့ပါတီဝင်တွေက တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေကို လက်ခံမယ့် အမြင့်ဆုံး အရေအတွက်ကို ကန့်သတ်ဖို့ ကိုတော့ မစ္စက် မာ့ကဲလ်က ပယ်ချခဲ့ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာနေတဲ့ ဒုက္ခသည်တွေကို လက်ခံတဲ့ ဆုံးဖြတ်ချက်ဟာ မစ္စက် မာ့ကဲလ်ရဲ့ ပါတီထဲမှာတောင် သိပ် ရေပန်းစားတာ မဟုတ်ပါဘူး။

၂၀၁၅ နှစ်ကုန်မှာ ဂျာမနီထဲ ဝင်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက် ၁ သန်းကျော်အထိ ရှိလိမ့်မယ်လို့ ဂျာမနီ အစိုးရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ