ရဝမ်ဒါ မျိုးတုံးသတ်ဖြတ်မှု၊ နိုင်ငံတကာခုံရုံး ပိတ်သိမ်း

  • 14 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ရဝမ်ဒါ အတွက် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးက မျိုးတုံး သတ်ဖြတ်မှုတွေကို စီရင်တဲ့ ပထမဆုံး နိုင်ငံတကာ ခုံရုံး ဖြစ်ခဲ့။

၁၉၉၄ ရဝမ်ဒါ မျိုးတုံး သတ်ဖြတ်မှုတွေ အတွက် လက်သည် တရားခံတွေကို စွဲချက်တင် အပြစ်ပေးနေတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးက ဒီကနေ့ တနင်္လာနေ့မှာ နောက်ဆုံး ပြစ်ဒဏ်တွေကို ချမှတ်လိုက်ပြီး ခုံရုံးကို ပိတ်သိမ်း လိုက်ပါတယ်။

ရဝမ်ဒါနဲ့ အိမ်နီးချင်း တန်ဇန်နီးယား နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ အဲဒီ ခုံရုံးကနေ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ အမှုတွေအတွက် လူ ၆ ဦးကို အပြစ်ရှိကြောင်း ဒီကနေ့ နောက်ဆုံးနေ့မှာ ဆုံးဖြတ် ခဲ့ပါတယ်။

အဲဒီ ခုံရုံးကို ရဝမ်ဒါ နိုင်ငံက မျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အဓိက တရားခံတွေကို စွဲဆို အပြစ်ပေးဖို့ ကုလသမဂ္ဂက ဖွင့်လှစ် ခဲ့တာပါ။ အခု နောက်ဆုံး ပိတ်သိမ်းချိန်အထိ တရားခံပေါင်း ၆၁ ဦးကို ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တရားခံ ၈ ဦးကတော့ လွတ်မြောက်နေဆဲ ဖြစ်ပြီး စွဲဆိုနိုင်ခြင်း မရှိသေးပါဘူး။ ရဝမ်ဒါ နိုင်ငံရဲ့ လက်ရှိ သမ္မတ ကတော့ အဲဒီ ခုံရုံးဟာ အကုန်အကျ များလွန်းပြီး နှေးကွေး လွန်းတယ်လို့ ဝေဖန် ခဲ့ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ရဝမ်ဒါ မျိုးတုံး သတ်ဖြတ်မှုတွေ အတွက် တာဝန်ရှိတဲ့ အစိုးရ ဝန်ကြီးဟောင်းတွေ အပါအဝင် ထိပ်ပိုင်း ပုဂ္ဂိုလ် အတော်များများကို ဒီခုံရုံးကနေ ပြစ်ဒဏ်တွေ ချမှတ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခု ခုံရုံး ပိတ်သိမ်းပြီး နောက်ပိုင်းမှာ ကျန်နေသေးတဲ့ တရားခံတွေကို ထပ်မံ ဖမ်းမိခဲ့မယ် ဆိုရင်တော့ ရဝမ်ဒါ နိုင်ငံထဲမှာ ဒါမှမဟုတ် နိုင်ငံခြား တရားရုံးတွေမှာ ရုံးတင် စွဲဆိုသွားဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ