IS နှိမ်နင်းရေး တိုးမြှင့် စစ်ဆင်နေကြောင်း

  • 15 ဒီဇင်ဘာ 2015
obama_304x171 ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမား က ဒီဇင်ဘာလ ၁၄ ရက်နေ့ က ပင်တဂွန် စစ်ဌာနချုပ် မှာ ရှားရှားပါးပါး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ မိန့်ခွန်းပြောရာမှာ အီရတ် နဲ့ ဆီးရီးယား မှာ ခြေကုပ် ယူထားတဲ့ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ ကို မဟာမိတ် နိုင်ငံ တွေ နဲ့ ပူးပေါင်း နှိမ်နင်း ရာမှာ ပြီးခဲ့တဲ့ နိုဝင်္ဘာလ မှာ ဆိုရင် အပြင်းထန်ဆုံး လေကြောင်း တိုက်ပွဲ တွေ နဲ့ ထိုးစစ် ဆင်ခဲ့ပုံတွေ ကို ရှင်းပြပါတယ်။

အဲဒီ အတွက် အိုင်အက်စ် ခေါင်းဆောင် တချို့ ကို ရှင်းလင်း နိုင်ခဲ့သလို သူတို့ရဲ့ အသက်သွေးကြော ဖြစ်တဲ့ ရေနံ သိုလှောင်ရုံ တွေ ပိုက်လိုင်း တွေ ကို ဖျက်ဆီး ပစ်နိုင်ခဲ့တဲ့ အကြောင်း မစ္စတာ အိုဘားမား က ပြောပါတယ်။ ၂၀၁၄ ခုနှစ် နွေရာသီ က စခဲ့တဲ့ စစ်ဆင်ရေးဟာ ဆိုရင် လေကြောင်း တိုက်ခိုက်မှု ၉၀၀၀ ခန့် ရှိပြီဖြစ်လို့ အိုင်အက်စ် ရဲ့ အီရတ် နိုင်ငံတွင်း က ထိန်းချုပ်နယ်မြေ ၄၀ ရာခိုင်နှုန်း ခန့် လက်လွှတ် ဆုံးရှုံး လိုက်တဲ့ အကြောင်း လည်း ပြောပါတယ်။

သူ ဆက်ပြီး ရှင်းပြရာမှာတော့ အိုင်အက်စ် လက်နက်ကိုင် အဖွဲ့တွေ ဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့တွေ လက်ချက် နဲ့ သူတို့ ပိုင်နက်တွေ ဆုံးရှုံး သွားလို့ အရင် လို လွတ်လွတ်လပ်လပ် မလှုပ်ရှား နိုင် တော့တဲ့ အကြောင်း၊ ဒီနှစ် နွေရာသီမှာ ဆိုရင်လည်း ဆီးရီးယားမှာရော အီရတ် မှာပါ သူတို့ အောင်မြင်တဲ့ မြေပြင် တိုက်ပွဲ ရယ် လို့ ပီပီပြင်ပြင် မရှိခဲ့ လို့ မဟာမိတ် တပ်ဖွဲ့တွေ အနေနဲ့ သူတို့ ကို ဖိတိုက်ဦးမှာပါ လို့ ပြောသွား ပါတယ်။

ဒီလာမယ့် ဒီဇင်ဘာလ ၁၇ ရက် ကြာသာပတေးနေ့ မှာလည်း မစ္စတာ အိုဘားမား ဟာ ဗာဂျီးနီးယားပြည်နယ်ရှိ တန်ပြန် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာန ကို သွားပြီး ဌာန ဆိုင်ရာ အရာရှိတွေ နဲ့ ဆွေးနွေးပြောဆိုမှု၊ တွေ ပြုဖို့ရှိပါတယ်။

မစ္စတာ အိုဘားမား အနေနဲ့ အမေရိကန် ပြည်သူတွေ ကို စစ်သွေးကြွ အကြမ်းဖက် အုပ်စုတွေ ရန် ကို အကာကွယ် ပေးရေး အစီအစဉ် တွေ ချပြ နေပေ မဲ့ ပြည်သူတွေ ဘက်ကတော့ ကယ်လီဖိုးနီးယား အကြမ်းဖက်မှု၊ ပဲရစ် အကြမ်းဖက်မှု တွေ ကို ကြည့်ယင်း စိုးရိမ် စိတ်ရှိ နေဆဲ ကို ရီပတ်ဗလစ်ကင် အမတ် အများစု ခေါင်းဆောင် ကယ်ဗင် မက်ကာသီ က ဝေဖန် လိုက်ပါတယ်။