အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့ မွတ်ဆလင်နိုင်ငံတွေ ဖွဲ့

  • 15 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption စစ်မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းကြောင်း ဆော်ဒီ ကာကွယ်ရေး ဝန်ကြီး မိုဟာမက် ဘင် ဆယ်လ်မန်က ကြေညာ။

ဆော်ဒီ အာရေဗျ နိုင်ငံဟာ အကြမ်းဖက်မှုကို တိုက်ဖျက်မယ့် စစ်မဟာမိတ် အဖွဲ့သစ် တစ်ခုကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပြီး အဲဒီ အဖွဲ့ထဲမှာ မွတ်ဆလင် အများစုရှိတဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံ ပူးပေါင်း ပါဝင်တယ်လို့ ပြောပါတယ်။

ဆော်ဒီ မြို့တော် ရီယတ်တ်မှာ အဲဒီ အဖွဲ့ရဲ့ ပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်ကို ဖွင့်လှစ် ထားရှိမှာ ဖြစ်တယ်လို့ ဆော်ဒီ နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။

အဲဒီ စစ်မဟာမိတ် အဖွဲ့ထဲမှာ အာရှ၊ အာဖရိကနဲ့ အာရပ် နိုင်ငံတွေ ပါဝင်ပြီး ဆော်ဒီရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ အီရန် ကတော့ ပါဝင်ခြင်း မရှိပါဘူး။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို တိုက်ခိုက်ရာမှာ ပိုမို ပါဝင်ကြဖို့ ပင်လယ်ကွေ့ ဒေသက အာရပ် နိုင်ငံတွေ အပေါ် နိုင်ငံတကာက ဖိအားတွေ ပေးနေချိန်မှာ အခုလို မဟာမိတ် အဖွဲ့ ဖွဲ့စည်းတဲ့ သတင်း ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဆော်ဒီ ကာကွယ်ရေး ဝန်ကြီး မိုဟာမက် ဘင် ဆယ်လ်မန်က အခု ဖွဲ့စည်းလိုက်တဲ့ စစ်မဟာမိတ် အဖွဲ့ဟာ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အီဂျစ်နဲ့ အာဖဂန် နစ္စတန် နိုင်ငံတွေမှာ ရှိတဲ့ အစွန်းရောက် အကြမ်းဖက် သမားတွေကို တိုက်ခိုက်ရာမှာ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအဖွဲ့ထဲမှာ အီရန် အစိုးရနဲ့ ရင်းနှီးတဲ့ အီရတ်၊ ဆီးရီးယား တို့ မပါဝင်သလို အာဖဂန် နစ္စတန်လည်း ပါဝင်ခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ