ကိုလံဘီယာအစိုးရ နဲ့သူပုန်အဖွဲ့ လက်မှတ်ထိုး

  • 16 ဒီဇင်ဘာ 2015
_colombia_cuba_farc_a ဓာတ်ပုံ မူပိုင် AFP
Image caption ကိုလမ်ဘီယာ ပဋိပက္ခ အတွင်း နစ်နာသူများ

နှစ်ပေါင်း ၅၀ ကျော် ကိုလံဘီယာ အစိုးရ နဲ့ FARC သူပုန် အုပ်စု ပဋိပက္ခ တိုက်ခိုက် နေမှု အဆုံးသတ်စေရေး အတွက် သုံးနှစ် ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ရာ မှ အခုတော့ အရေးပါတဲ့ သဘောတူညီချက် တရပ် ရရှိသွားပါပြီ။ ဒီဆွေးနွေးပွဲ ကို ကျူးဘား နိုင်ငံ ဟာဗားနား မြို့တော် မှာ ပြုလုပ်ခဲ့တာပါ။

နှစ် ၅၀ ကျော် အတွင်း ပြည်သူ တွေဟာ သတ်ဖြတ်မှုတွေ၊ ပြန်ပေးဆွဲမှု တွေ နဲ့ ကြုံခဲ့ရလို့ လူပေါင်း နှစ်သိန်းကျော် လည်း သေဆုံး ခဲ့ရပါတယ်။ နှစ်ဘက် သဘောတူညီချက် တွေ ထဲ မှာ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေ ကို အပြစ်ပေးရေး နဲ့ နစ်နာသူ တွေ ကို လျော်ကြေး ပေးရေး စတာတွေ ပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲ အတွင်း အစိုးရ ဘက် က ညှိနှိုင်းရေးမှူး အကြီးအကဲ အုမ်ဘတ်တို ဒီလာ ကိုင်ရေ က သဘောတူညီချက် အရ ကိုလမ်ဘီယာ နိုင်ငံသားတွေ အတွက် ငြိမ်းချမ်းရေး နဲ့ ပြန်လည်ပေါင်းစည်းရေး တံခါး ပွင့်သွားပြီ လို့ ပြောပါတယ်။ ကိုလမ်ဘီယာ နိုင်ငံသား တွေ အနေနဲ့ ကမ္ဘာ ကို သတင်းကောင်း ပါးနိုင် တဲ့ အကြောင်း၊ ငြိမ်းချမ်းရေး သက်သက် တင်မက ပဲ ဒီအကြမ်းဖက် ပဋိပက္ခ အတွင်းမှာ နစ်နာမှု တွေ ပေးဆပ်ခဲ့တဲ့ ဓါးစာခံ တွေ ကို ပါ နစ်နာကြေး တွေ ပေးမယ့် အစီအစဉ် လည်း ပါဝင် လို့ သူတို့ကို ဦးစား ပေးပါမယ် လို့ ပြောတာပါ။

FARC သူပုန်ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အီဗန် မားကက်စ် ကလည်း နစ်နာသူတွေ ကို လျော်ကြေးပေးရေး ကိုပါ ထည့်သွင်း စဉ်းစား တဲ့ အတွက် ပြန်လည်ပေါင်းစည်းရေး ဟာ ပိုမို ချောမွေ့ တဲ့ အကြောင်း ပြောပါတယ်။

ပြစ်မှု ကျူးလွန်သူတွေ ကိုလည်း အထူးတရားရုံး တွေ ဖွင့်လှစ်ပြီး စီရင်မှာ ဖြစ်တဲ့ အတွက် မိမိတို့ မိသားစု ဝင်တွေ သေကြေ ဆုံးရှုံး ရတာတွေ၊ ပျောက်ချင်းမလှ ပျောက်ကုန်တဲ့ အမှု တွေ ခေါ်ထုတ် ပေးခြင်းဖြင့် တတ်နိုင်သလောက် ပြည်သူတွေ ကို နှစ်သိမ့်ပေးပါမယ် လို့ ပြောတာပါ။

ဒီ သဘောတူညီချက် ကိုလည်း ဓါးစာခံ မိသားစု တွေ ရှေ့မှောက် မှာ လက်မှတ်ရေးထိုး ကြပါတယ်။ အပြစ်မဲ့ ပြည်သူ ဓါးစာခံ မိသားစု တွေ ဘက် က ပြောခွင့်ရ အမျိုးသမီး ဂျီးနက် ဘက်ဒိုယာ ကလည်း ပြစ်မှု ကျူးလွန် ထားသူတွေ ဟာ နှစ်ပေါင်း ၁၀စုနှစ် နဲ့ ချီပြီး ကင်းလွတ်ခွင့် ရနေကြ ရာ မှ အမှုမှန် တွေ ဖေါ်ထုတ်ပေးမယ်၊ ဆိုလို့ လျော်ကြေးဆိုတာထက် လူ့ဂုဏ်သိက္ခာ ကို ပြန်လည် အသိအမှတ် ပြုခံရတာ ကို ဝမ်းသာ မဆုံးတဲ့ အတွက် ဒီ ငြိမ်းချမ်းရေး သဘောတူညီချက် ကို ကြိုဆို ပါတယ် လို့ ပြောပါတယ်။