ကာတာ အမဲလိုက်သူတွေ အီရတ်မှာ ပြန်ပေးဆွဲခံရ

  • 16 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP Getty
Image caption ဆမ်မာဝါ သဲကန္တာရထဲမှာ ကျက်စားတဲ့ တိရစ္ဆာန်တွေထဲမှာ ကုလားအုတ်တွေ ပါဝင်။

အီရတ် သဲကန္တာရ ထဲမှာ ကာတာ နိုင်ငံက အုပ်ချုပ်သူ မိသားစုဝင်တွေ အပါအဝင် ကာတာ အမဲလိုက်သမား ၂၇ ယောက်ကို သေနတ်သမား တွေက ပြန်ပေးဆွဲ ဖမ်းဆီး သွားတယ်လို့ ဒေသ အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်းမှာ သေနတ်သမားတွေက ဒါဇင်ချီတဲ့ မော်တော်ယာဉ် တွေကို မောင်းပြီး အမဲလိုက်သူတွေရဲ့ စခန်းကို ဝင်ရောက် လာခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဆမ်မာဝါ မြို့နဲ့ ကီလိုမီတာ ၁၉၀ လောက် အကွာက သဲကန္တာရထဲမှာ အခုလို ဖမ်းဆီး ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်ပေးဆွဲသွားတဲ့ သေနတ်သမားတွေကို ရှာဖွေနေပြီလို့ ရဲတွေက ပြောပါတယ်။ ကာတာ အာဏာပိုင်တွေကတော့ ဒီအဖြစ်နဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။

အခင်းဖြစ်ရာ နယ်မြေဟာ မျိုးနွယ်စုပိုင် ဒေသဖြစ်ပြီး ရှီးယား မွတ်ဆလင်တွေရဲ့ နယ်မြေ ဖြစ်တယ်လို့ ဘေရွတ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆီးရီးယားမှာ ရှိတဲ့ ဆွန်နီ မွတ်ဆလင် သူပုန်တွေကို ကာတာ နိုင်ငံက ထောက်ပံ့ပေးမှုနဲ့ ပတ်သက်ပြီး ရှီးယားတွေ ကြီးစိုးတဲ့ အီရတ် အစိုးရက အကြီးအကျယ် ဝေဖန် နေခဲ့ချိန်မှာ အခုကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ အရေးကြီးတဲ့ သံတမန်ရေး ဆိုင်ရာ ပြဿနာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ