ကံမကောင်းလို့ ကင်ဆာ ဖြစ်တာ မဟုတ်ဘူးလို့ သုတေသီတွေက ပြော

  • 17 ဒီဇင်ဘာ 2015
cancer_cells
Image caption ကင်ဆာ ရောဂါဟာ ခန္ဓာကိုယ်က ပင်မ ဆဲလ်တွေ အသစ် ဖြစ်ထွန်းမှု ကို မထိန်းချုပ် နိုင်ဘဲ ပုံစံ ချွတ်ယွင်းတဲ့ ဆဲလ်သစ်တွေ ပေါ်ထွန်းတာက စတာပါ။

ကင်ဆာ ရောဂါ ဟာ ကံ မကောင်း အကြောင်း မလှ လို့ ဖြစ် ရတယ် ဆိုတာထက် ပတ်ဝန်းကျင် လွှမ်းမိုးပြုပြင်မှု ၊ ဘဝ နေထိုင်မှု နည်းနာ ဟန်ပန် တွေကြောင့် ပိုပြီး ဖြစ်ပွားလေ့ ရှိတယ် ဆိုပြီး သုတေသန တွေ့ရှိချက် အသစ်တွေက ဖော်ပြ နေပါတယ်။

အမေရိကန် ပြည်ထောင်စု ထဲမှာ ပြုလုပ်ခဲ့တဲ့ လေ့လာ စမ်းစစ်မှု အသစ်တွေ အရ ဆေးလိပ် သောက်တာနဲ့ အရက် အလွန်အကျွံ သုံးစွဲတာ မျိုး လို ဘဝ နေထိုင်မှု ဟန်ပန် တွေ က ကင်ဆာ ရောဂါ အားလုံးရဲ့ ၉၀% အထိ ဖြစ်လာ နိုင်ဖို့ တွန်းအား ပေးစေတယ် ဆိုပြီး ကောက်ချက် ချ နိုင် ခဲ့ကြပါတယ်။

နယူယောက်မြို့ Stony Brook တက္ကသိုလ်က နေ လေ့လာမှု တွေ ပြုလုပ် ခဲ့ပြီး အခုလို ကောက်ချက် ဆွဲခဲ့တာ ဖြစ်ပါတယ်။

ကင်ဆာ ရောဂါဟာ ခန္ဓာကိုယ်က ပင်မ ဆဲလ်တွေ အသစ် ဖြစ်ထွန်းမှု ကို မထိန်းချုပ် နိုင်ဘဲ ပုံစံ ချွတ်ယွင်းတဲ့ ဆဲလ်သစ်တွေ ပေါ်ထွန်းတာက စတာပါ။

ဒါဟာ ကိုယ်တွင်း ထိန်းချုပ်မှု စနစ် ချို့ယွင်းတာကြောင့် ဖြစ်ဖြစ်၊ ဆေးလိပ်နဲ့ ခရမ်းလွန် ရောင်ခြည်လို ပြင်ပ အကြောင်း ကိစ္စတွေကြောင့် လည်း ဖြစ်နိုင်ပါတယ်။

အရင်ကတော့ ပြင်ပ လွှမ်းမိုးမှုကြောင့် ကင်ဆာ ဝေဒနာရှင် ဦးရေ ၃ ပုံ ၁ပုံ လောက်ထိပဲ ဖြစ်တယ်လို့ ယူဆ ခဲ့ကြပါတယ်။

ခုတော့ ကိုယ်တွင်း စနစ် လည်ပတ်မှု ပျက်ပြားလို့ တနည်းအားဖြင့် ကံမကောင်းလွန်းလို့ ဖြစ်တယ် ဆိုတာက ကင်ဆာ အားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းက ၃ဝ ရာနှုန်းပဲ ရှိတယ် ဆိုပြီး အမေရိကန် သုတေသီ ပညာရှင်တွေက တွေ့ရှိ ခဲ့ကြပါတယ်။

ကွန်ပျူတာ နည်းပညာ၊ လူ ဦးရေ ကိန်းဂဏန်း အချက်အလက်တွေ နဲ့ မျိုးဗီဇ အခြေခံ လေ့လာမှု တွေက နေ သုတေသန ပြုချက် တွေ အရ ကင်ဆာ ဖြစ်ပွားမှု အများစုက ပြင်ပ က လာတယ် လို့ Stony Brook တက္ကသိုလ်က ညွှန်ကြားရေးမှူး ဒေါက်တာ ယူဆွပ်ဖ် ဟန်နွန် က ဆိုပါတယ်။

ဒါပေမယ့် ကင်ဆာ ဖြစ်နိုင်တဲ့ ပြင်ပ အကြောင်းတရားတွေ အားလုံးကို မသိနိုင်သလို ဒါတွေကို လွတ်အောင် ရှောင်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

ဆေးလိပ် မသောက်တာ၊ ကိုယ်အလေးချိန် ထိန်းတာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ အရက် မသောက်တာ တွေ လုပ်လို့ ကင်ဆာ မဖြစ် နိုင်ဘူး ဆိုတာတော့ မဟုတ်ပါဘူး။

ဒါတွေ လုပ်ရင်တော့ ကင်ဆာ ဖြစ်ပွားနိုင်ခြေ အများကြီး လျော့ကျ စေတယ် လို့ ဗြိတိသျှ ကင်ဆာ သုတေသန ဌာန က Dr Emma Smith က ပြောပါတယ်။

သဘာဝ မဂ္ဂဇင်းထဲ ဖော်ပြ ခဲ့တဲ့ ဒီ သုတေသန တွေ့ရှိချက် တွေဟာ ကင်ဆာ ရောဂါ တားဆီးရေး လုပ်ငန်းတွေ အတွက် အင်မတန် အကျိုး ကျေးဇူး များ စေ ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ