ထိုင်ဝမ်ကို လက်နက်ရောင်းမယ့်ကိစ္စ ကန် သံတမန်ကို တရုတ် ခေါ်တွေ့

  • 17 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၃ ခုနှစ်က ထိုင်ဝမ် စစ်သင်္ဘော တစ်စီးပေါ်ကနေ ဝေဟင်ပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်စဉ်။

အမေရိကန် ပြည်ထောင်စုက ထိုင်ဝမ်ကို စစ်သင်္ဘော နှစ်စီး ရောင်းမယ်လို့ ကြေညာ ခဲ့တဲ့အတွက် တရုတ် အစိုးရက ဘေဂျင်းမှာ ရှိတဲ့ အမေရိကန် အကြီးတန်း သံတမန် တစ်ဦးကို ခေါ်တွေ့ပြီး ကန့်ကွက် ခဲ့ပါတယ်။

ထိုင်ဝမ်ကို ရောင်းချမယ့် စစ်လက်နက်တွေ ထဲမှာ စစ်သင်္ဘော နှစ်စီး အပြင် တင့်ကားဖျက် ဒုံးကျည်တွေနဲ့ တခြား လက်နက်တွေလည်း ပါဝင်ပါတယ်။ ဒါဟာ အမေရိကန် အနေနဲ့ တရုတ်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးတဲ့ အပြုအမူ ဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။

တောင်တရုတ် ပင်လယ်မှာ တရုတ်ရဲ့ ကျွန်းတု တည်ဆောက်မှုတွေကြောင့် တင်းမာမှုတွေ မြင့်တက် နေချိန်မှာ အခုလို ဒေါ်လာ ၁.၈၃ ဘီလျံ တန်ကြေးရှိတဲ့ စစ်လက်နက်တွေ ရောင်းချဖို့ ကြေညာချက် ပေါ်ထွက် လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ တရုတ်နဲ့ ထိုင်ဝမ် ဆက်ဆံရေး တိုးတက် လာခဲ့ပေမယ့် တရုတ် အနေနဲ့ ထိုင်ဝမ်ကို ပြည်မကြီးနဲ့ ထိစပ် မနေတဲ့ ပြည်နယ် တစ်ခု အဖြစ်သာ သဘောထားတာ ဖြစ်ပါတယ်။

တရုတ် ပြည်တွင်းစစ် ပြီးဆုံးတဲ့ ၁၉၄၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအဖြစ် တရုတ်နဲ့ ထိုင်ဝမ် နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ သမိုင်းဝင် တွေ့ဆုံ ခဲ့ပါသေးတယ်။

အခု လက်နက်ရောင်းချမယ့် ကြေညာချက် ထွက်လာပြီးနောက် ထိုင်ဝမ်ကတော့ သူ့ရဲ့ ကာကွယ်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ အတွက် ဝါရှင်တန်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ