ပီကေကေ တပ်သား ၂၃ ယောက်ကို တူရကီ သတ်ဖြတ်

  • 17 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် HDP English
Image caption ဆီဇာရီနဲ့ စီလိုပီ မြို့ ၂ မြို့မှာ လုံခြုံရေး အင်အား ၁ သောင်းအထိ ပို့လွှတ်ထား။

တူရကီ လုံခြုံရေး တပ်ဖွဲ့တွေက ကာဒစ်ရှ် အလုပ်သမား ပါတီ PKK အဖွဲ့ဝင်တွေလို့ ယူဆရသူ ၂၃ ယောက်ကို ၂ ရက်ကြာ စစ်ဆင်ရေး အတွင်းမှာ သတ်ဖြတ် ခဲ့တယ်လို့ တူရကီ အာဏာပိုင် တွေက ပြောပါတယ်။

ဆီဇာရီ မြို့မှာ ၂၂ ယောက်နဲ့ စီလိုပီ မြို့မှာ ၁ ယောက် ဖြစ်တယ်လို့ တူရကီ အစိုးရပိုင် အန်နာတိုလီယာ သတင်းဌာနက ပြောပါတယ်။

ပီကေကေ အဖွဲ့ဝင်တွေ အဓိက လှုပ်ရှားရာ မြို့ဖြစ်တယ်လို့ ဆိုတဲ့ ဆီဇာရီ မြို့မှာ စက်တင်ဘာလ ကတည်းက ကာဖျူး အမိန့် ထုတ်ထား ခဲ့တာ ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းက စစ်ဆင်ရေးတွေ စတင်ခဲ့ပြီးနောက် တူရကီ အစိုးရက အဲဒီ မြို့နှစ်မြို့ကို လုံခြုံရေး အင်အား ၁ သောင်းအထိ ပို့လွှတ် ထားခဲ့ပြီး ဖြစ်ပါတယ်။

ပီကေကေကို ထောက်ခံသူတွေက ကတုတ်ကျင်းတွေနဲ့ အတားအဆီးတွေ ကာရံထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

အရပ်သားတွေကို နေအိမ်တွေကနေ စွန့်ခွာဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ တူရကီ ဝန်ကြီးချုပ် ကတော့ စစ်သွေးကြွတွေ လုံးဝ ရှင်းလင်း သွားတဲ့အထိ စစ်ဆင်ရေးတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ