ဂန္ဓီ သားအမိကို ငွေအလွဲသုံးမှုနဲ့ စစ်ဆေး

  • 19 ဒီဇင်ဘာ 2015
gandhi_ ဓာတ်ပုံ မူပိုင် EPA
Image caption ငွေကြေးကိစ္စကြောင့် စစ်ဆေးခံရတဲ့ ဂန္ဓီ သားအမိ

အိန္ဒိယ နိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီကြီး ဖြစ်တဲ့ ကွန်ဂရက် ပါတီရဲ့ အကြီးအကဲတွေ ဖြစ်ကြတဲ့ ဆိုနီယာနဲ့ ရာဟူးလ် ဂန္ဓီတို့ကို အခု ပိတ်သွားပြီ ဖြစ်တဲ့ နေရှင်နယ် ဟာရို သတင်းစာကို ဝယ်ယူဖို့အတွက် ပါတီ ရန်ပုံငွေ အလွဲသုံးစား လုပ်ခဲ့မှု ပတ်သက်လို့ တရားရုံးမှာ စစ်ဆေး ခဲ့ပါတယ်။

သူတို့ဟာ အဲဒီ သတင်းစာ ထုတ်တဲ့ ကုမ္ပဏီကို တရားမဝင်တဲ့ နည်းလမ်းတွေသုံးပြီး ဝယ်ယူခဲ့တယ်ဆိုပြီး လက်ရှိ အာဏာရ ဘီဂျေပီ ပါတီဝင် တဦးက တရားစွဲ ခဲ့တာဖြစ်ပါတယ်။

သူတို့ကို မိနစ် ၂၀ ကြာ စစ်မေးခဲ့အပြီးမှာ အာမခံ ပေးလိုက်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၀ ရက် မှ ဆက်လက် စစ်ဆေး သွားမှာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးစလုံးကတော့ ဒါနဲ့ ပတ်သက်လို့ ငြင်းဆိုထားသလို နိုင်ငံရေးလုပ်ကြံမှု ဖြစ်တယ်လို့ ပြောပါတယ်။

တရားရုံးမှာ အစစ်ခံနေစဉ်အတွင်း ဘာမှ ပြောကြားတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါဟာ ၁၉၇၀ ပြည့်နှစ်တွေ နောက်ပိုင်းမှာ အိန္ဒိယမှာ ဩဇာ အာဏာကြီးမားတဲ့ နေရူး-ဂန္ဓီမျိုးဆက်တွေ ထဲက ပထမဆုံးအကြိမ် တရားရုံးမှာစစ်မေး ခံရတာလည်းဖြစ်ပါတယ်။