IS နေရာ အစားထိုးဝင်မယ့် သူပုန်အနည်းဆုံး ၁၅ဖွဲ့ရှိတယ်

  • 20 ဒီဇင်ဘာ 2015
syria_foreign_fighters_ ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီယားထဲ က သူပုန် အုပ်စုတွေ ကို ဘယ်အဖွဲ့က အလယ်အလတ် ဝါဒ ရှိတဲ့ အဖွဲ့ ၊ ဘယ်အဖွဲ့က အစွန်းရောက်တဲ့ အဖွဲ့ ဆိုပြီး ခွဲခြား ပိုင်းဖြတ်မှု တွေ ဟာ အမှား မကင်းစင်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစု အဖွဲ့ က ဆီးရီးယား ထဲက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ချေမှုန်း နိုင်ခဲ့တယ် ဆိုရင်တောင် IS နေရာ မှာ အစားထိုး ဝင်ရောက် မယ့် သူပုန် အဖွဲ့ အနည်းဆုံး ၁၅ ဖွဲ့ ရှိတယ် ဆိုပြီး လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ်။

ဘာသာရေးနဲ့ ပထဝီနိုင်ငံရေး ဌာန ဆိုတဲ့ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နဲ့ ဆက်စပ်မှု ရှိတဲ့ သုတေသီ အဖွဲ့ရဲ့ အစီရင် ခံစာထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဆီးရီယားထဲ က သူပုန် အုပ်စုတွေ ကို ဘယ်အဖွဲ့က အလယ်အလတ် ဝါဒ ရှိတဲ့ အဖွဲ့ ၊ ဘယ်အဖွဲ့က အစွန်းရောက်တဲ့ အဖွဲ့ ဆိုပြီး ခွဲခြား ပိုင်းဖြတ်မှု တွေ ဟာ အမှား မကင်းစင်ဘူးလို့ လည်း ဆိုပါတယ်။

ဆီးရီးယား ထဲက သူပုန် အုပ်စုတွေ အားလုံးရဲ့ ၆၀% ဟာ အစ္စလာမ်မစ် အစွန်းရောက် တွေ အဖြစ် သတ်မှတ် နိုင်တယ် လို့ အဲဒီ့ အစီရင်ခံစာ ထဲမှာ ရေးသား ထားပါတယ်။

တခါ၊ ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စ်ကပ်စ် မှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း၊ ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ် လက်ဘနွန် လက်နက်ကိုင် အဖွဲ့ ဟစ္စဘိုလာ ခေါင်းဆောင် ဆမီးယား ကွာန်တား သေဆုံး သွားခဲ့တယ် လို့ ဟစ္စဘိုလာ က ထုတ်ဖော် ပြောဆိုပါတယ်။

ဒမတ်စ်ကပ်စ် မြို့တော်ရဲ့ ဂျရာမားနား ဆိုတဲ့ ရပ်ကွက် မှာ ရှိတဲ့ လူနေအိမ် အဆောက်အဦ တစ်လုံးကို အစ္စရေးရဲ့ ရော့ကက် ဒုံးကျည် ထိမှန် ခဲ့တယ် ဖြစ်တယ်လို့ ဟစ္စဘိုလာ အဖွဲ့က ပြောပါတယ်။

ဆမီးယား ကွာန်တား ဟာ ၁၉၇၉ ခုနှစ် က အစ္စရေး နိုင်ငံထဲမှာ လူ ၄ ဦး သေဆုံး အောင် တိုက်ခိုက် ခဲ့မှုနဲ့ အစ္စရေး အစိုးရ က ထောင်ဒဏ် တစ်သက် ချမှတ် ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၆ ခုနှစ် မှာတော့ ဟစ္စဘိုလာ အဖွဲ့ လက်ထဲ ရောက်နေတဲ့ အစ္စရေး စစ်သား အလောင်း နှစ်လောင်း နဲ့ လဲလှယ် တဲ့ အနေနဲ့ ဆမီးယား ကွာန်တား ကို ပြန်လွှတ် ပေးခဲ့ ပါတယ်။

အစ္စရေး ဘက်ကတော့ အခု မစ္စတာ ကွာန်တား သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းကို ကြိုဆို ခဲ့ပေမယ့်၊ သူတို့ လက်ချက် ဟုတ် မဟုတ်ကို တော့ အတည်မပြု ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ